စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီး (OECD)က ကမ္ဘာနှင့်တ၀ှမ်း စီးပွားရေး နလံထူမှုများသည် (၂၀၁၀)ခုနှစ်တွင် ပြန်လည်စတင်လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ အဖွဲ့ဝင် နိုင်ငံ(၃၀)ပါဝင်သော အဖွဲ့ကြီးတွင် ဗြိတိန်နှင့် အမေရိကန်တို့ကဲ့သို့ ကြွယ်ဝသော နိုင်ငံများလည်း အပါအ၀င်ဖြစ်သည်။ တစထက်တစ ပြန်လည်ကောင်းမွန်လာသော ကမ္ဘာ့စီးပွားရေးသည် လက်ရှိအချိန်တွင် (၀.၇)ရာခိုင်နှုန်းမျှ ပြန်လည်တိုးတက်လာသော်လည်း (၂၀၁၀)ခုနှစ်တွင် နှစ်ဆကျော်မျှ အရှိန်ကောင်းကာ (၁.၉)ရာခိုင်နှုန်းမျှထိ တိုးတက်လာမည်ဟု OECDက ခန့်မှန်းခဲ့သည်။ သို့သော်လည်း နိုင်ငံတိုင်းတွင် စီးပွားရေး ပြန်လည်နလံထူလာမှု ညီမျှမည်မဟုတ်ဘဲ အချို့သော နိုင်ငံများသည် ခက်ခဲကြမ်းတမ်းသည့် အခြေအနေများဖြင့် တွေ့ကြုံရုန်းကန်ရနိုင်ကြောင်းလည်း အဖွဲ့ကြီးက သတိပေးထားသည်။ OECDက တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုသည် အလျင်မြန်ဆုံး ဖြစ်လာနိုင်ကြောင်း သုံးသပ်ခန့်မှန်းထားပြီး အခြားသော ကြွယ်ဝချမ်းသာသည့် နိုင်ငံများမှာမူ ပြဿနာများ ကြုံနိုင်သေးကြောင်း ပြောဆိုထားသည်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံသည် ပြည်သူများ၏ ငွေကြေးကဏ္ဍအတွက် ခိုင်မာသော အစီအစဉ်တစ်ခု ချမှတ်နိုင်ခြင်း မရှိသေးမှုမှာ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုသဖွယ် ရပ်တည်နေသည်။ ထို့အပြင် အမေရိကန်အပါအ၀င် ချမ်းသာကြွယ်ဝသော နိုင်ငံကြီးများအတွက် အဆိုးရွားဆုံး အန္တရာယ်တစ်ခုမှာ အလုပ်လက်မဲ့ ပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းရမည်ဆိုသော မေးခွန်းပင်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း နိုင်ငံသားများ အလုပ်လက်မဲ့ ဖြစ်သွားမှုမှာ ခန့်မှန်းသည်ထက် ပိုမိုဆိုးရွားသော အနေအထားနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းအခြေအနေမှ အပြည့်အ၀ ပြန်လည်ထူထောင်ရန်မှာ ခက်ခဲနေဆဲဖြစ်သည်။ OECD၏ အဆိုအရ ဥရောပယူနီယံ အဖွဲ့ဝင် နိုင်ငံများသည် အလုပ်လက်မဲ့ ပြဿနာကို (၂၀၁၁)ခုနှစ်ထိ ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။ အာရှနိုင်ငံများအနက် တရုတ်သည် စီးပွားရေးဖွံ့ဖြိုးမှု (၁၀)ရာခိုင်နှုန်းထိ မြန်ဆန်လာနိုင်သလို အိန္ဒိယက (၇)ရာခိုင်နှုန်း တိုးတက်လာဖွယ် ရှိနေသည်။ OECD၏ လေ့လာမှုအရ အခြားအခြေအနေကောင်းနိုင်သည့် နိုင်ငံများမှာ ဘရာဇီးလ်နှင့် ရုရှားတို့ဖြစ်ကြသည်။ တောင်ကိုရီးယား နိုင်ငံမှာမူ ယခုနှစ်ကုန်အထိ စီးပွားရေး နလံထူနိုင်ဖွယ် မရှိသော်လည်း (၂၀၁၀)နှင့် (၂၀၁၁)ခုနှစ်များအတွင်း (၄.၅)ရာခိုင်နှုန်းမျှထိ ပြန်လည်ဦးမော့လာနိုင်ကြောင်း OECDက ခန့်မှန်းတွက်ချက်ထားသည်။
Source: NewsVote