မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခုလအတွင်း ချပေးမည်ဟုဆိုသော CDMA 800MHzဖုန်း(ကျပ်ငါးသိန်းတန်ဖုန်း)များကို ပထမအရစ်အနေဖြင့် လာမည့်နှစ် ၂၀၁၀ဇန်န၀ါရီလအတွင်းမှသာ အလုံးရေသုံးသောင်း စတင်ချပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖုန်းခေါ်ဆိုခများမှာ မြို့တွင်းဖုန်းများအတွက် ၁မိနစ်လျှင် ၃၀ကျပ်ဖြစ်ကြောင်း ၎င်းကပြောသည်။ ထို့ကြောင့် CDMA 800 ဖုန်းများမှာ ပြည်တွင်းခေါ်ဆိုခတွင် မိုဘိုင်းဖုန်းများထက် တစ်မိနစ်လျှင် ၅ကျပ်နှင့် လိုင်းဖုန်း(အော်တိုဖုန်း)များထက် တစ်မိနစ်လျှင် ၁၅ကျပ်များမည်ဖြစ်သည်။ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုမှုများမှာ လက်ရှိမိုဘိုင်းဖုန်းများတွင် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်းဖြစ်ပြီး ယခုချပေးမည်ဆိုသောဖုန်းမှာ ဂဏန်း၈လုံးပါသော ဖုန်းဖြစ်သည်။ ထိုဖုန်းများကိုလည်း ဖုန်းခေါ်ဆိုမှုအတွက် ကြိုတင်ငွေပေးစနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ကြိုတင်ငွေအဖြစ် ကျပ်ငါးသောင်းပေးရမည် ဖြစ်သည်။ “ဖုန်းချပေးမယ်ဆိုတာ ကတ်ကိုပဲချပေးမှာ။ အထိုင်ဖုန်း ဟန်းဆက်(ဖုန်းအိမ်)မပါဘူး။ ဖုန်းအိမ်ကိုတော့ အပြင်က၀ယ်သုံးရမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ လက်ရှိကာလတွင် သက်ဆိုင်ရာမှ ၎င်းဖုန်းများအတွက် သီးသန့်ဖုန်းလျှောက်လွှာများ ချပေးခြင်း မရှိသေးဘဲ ယခင်ဖုန်းလျှောက်လွှာပုံစံများကိုသာ ၁စောင်လျှင် ကျပ်၅၀၀ဖြင့် ပြင်ပဆိုင်များက ရောင်းချနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ၎င်းဖုန်းများသည် မိမိရရှိထားသည့် မြို့နယ်အတွင်း၌ မည်သည့်နေရာမဆို ယူဆောင်သွား၍ရသော်လည်း သတ်မှတ်ထားသည့် ရေဒီယိုစခန်း ဧရိယာအပြင်သို့ ယူဆောင်မသွားနိုင်ပေ။ မိမိမြို့နယ်ပြင်ပသို့ ယူဆောင်သွားပါက ဧရိယာပြင်ပသို့ရောက်ရှိကာ အ၀င်ရော၊အထွက်ပါ ပြတ်တောက်မည်ဖြစ်၍ ဖုန်းအသုံးပြု၍ရနိုင်မည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။
Credit - သိမ့်သိမ့်စိုး (7Day News Journal, Vol.8, Issue.40)