မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(Union of Myanmar Travel Association)မှ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလတွင် Miss Tourism ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ Miss Tourism 2010 ပြိုင်ပွဲကို ၂၀၁၀ခုနှစ် ဖေဖော်ဝါရီ၁၂ရက်နေ့တွင် အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ Miss Tourism ပြိုင်ပွဲကြီးနှင့်အတူ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီအသီးသီးမှ ခင်းကျင်းပြသကြမည့် ပြခန်းများကိုပါ ထည့်သွင်းပြသသွားမည် ဖြစ်ပြီး Miss Tourism 2010ကို မည်သူမဆို အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် စိတ်ကြိုက်ဝတ်စုံတစ်စုံနှင့် ရိုးရာဒေသတစ်ခုခုကို ကိုယ်စားပြုပြီး ဆန်းသစ်တီထွင်ထားသည့် ဝတ်စုံတစ်စုံ စုစုပေါင်းနှစ်စုံဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ပြိုင်ပွဲဝင် လျှောက်တစ်စောင်ကို ၅၀၀၀ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ၂၀၁၀ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ လပြည့်ဝန်းပလာဇာ (၁၀)ထပ်ရှိ People Media ရုံးခန်းတွင် လာရောက် ၀ယ်ယူနိုင်မည် ဖြစ်သည်။ Miss Tourism 2010ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ပေးလိုခြင်း ၊ မြန်မာနိုင်ငံတွင်းမှ စိတ်ဝင်စားဖွယ်ရာ ဒေသများကို ဖော်ထုတ်ကာ အများသူငှာ သိရှိစေလိုခြင်း ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်း၏ သံတမန်တစ်ဦးကို ရွေးချယ်ဖော်ထုတ်ပေးလိုခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။