မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် Barcampကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Parkတွင် ဇန်နဝါရီ၂၃ရက်နှင့် ၂၄ရက်တို့၌ နံနက်၉နာရီမှ ညနေ၅နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာတွင် Barcamp ကျင်းပရာ မြို့အမည်နှင့် တွဲဖက်၍ နာမည်တပ်ကြသည့်နည်းတူ ရန်ကုန်မြို့တွင် ကျင်းပမည့် Barcampကိုလည်း Barcamp Yangon 2010ဟု သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် Barcamp Yangon 2010ကို မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်းက ကြီးမှူးပြီး မြန်မာ့အိုင်တီနယ်ပယ်မှ Barcamp Organizerများက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါပွဲတွင် အသုံးပြုနိုင်မည့် မြန်နှုန်းမြင့် ဝိုင်ယာလက်စ် အင်တာနက်ဆက်သွယ်ရေးစနစ်ကို Redlink ကုမ္ပဏီမှ ပံ့ပိုးပေးမည် ဖြစ်သည်။ Barcamp Yanong 2010ကို ပြည်တွင်းမှ ဝါသနာရှင်၊ ပညာရှင်များ တက်ရောက်ကြမည်ဖြစ်သလို နိုင်ငံခြားသား ပညာရှင်များလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ Barcampသို့ အိုင်တီပညာရပ်ကို စိတ်ဝင်စားသည့် အနယ်နယ်အရပ်ရပ်မှ မည်သူမဆို တက်ရောက်ဆင်နွှဲနိုင်မည် ဖြစ်သည်။ Barcampဆိုသည်မှာ မည်သူမဆို လွတ်လပ်ပေါ့ပါးစွာဖြင့် ပါဝင်ဆင်နွှဲနိုင်သော နည်းပညာဖလှယ်ပွဲတစ်ခု ဖြစ်သည်။ ထို့အပြင် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် အသိပညာဖလှယ်ခြင်းကို အခြေခံပြီး တစ်ယောက်နှင့် တစ်ယောက်၊ ပညာရှင်နှင့် ပညာရှင်မဟုတ်သူများအကြား နည်းပညာနှင့် အသိပညာ ကွာခြားချက်များကို ကျဉ်းမြောင်းလာအောင် ရည်ရွယ်လုပ်ဆောင်ကြသည့် Community Activity တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

(ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Barcamp Phnom Penh မြင်ကွင်း) (ဓာတ်ပုံ - ညီလင်းဆက်)
Barcamp Yangon 2010နှင့် ပတ်သက်သည့် အသေးစိတ်နှင့် နောက်ဆုံးသတင်း သိရှိလိုသူများ၊ ပွဲသို့တက်ရောက်ရန် စာရင်းပေးလိုသူများ အနေဖြင့် www.barcampyangon.orgတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။