ဆက်သွယ်ရေးစနစ်များ ယခင်ကထက် တိုးတက်ပြောင်းလဲလာသောကြောင့် မိုဘိုင်းဖုန်း SIM Cardများ ဈေးနှုန်းကျဆင်းလျက်ကြောင်း သိရသည်။ ယခင်က မိုဘိုင်းဖုန်းဈေးကွက်တွင် SIM Card တန်ဖိုးမှာ မြင့်မားလှပြီး မြန်မာ့ဆက်သွယ်ရေး၏ ဌားရမ်းခထက် ပြင်ပဈေးကွက် ပေါက်ဈေးမှာ ပိုမိုခဲ့သည်။ ယခင်က မိုဘိုင်းဖုန်း SIM Cardတန်ဖိုးမှာ ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဆက်သွယ်ရေးစနစ် တိုးတက်လာမှုအရ CDMA 800MHz, GSM 900, CDMA 700MHzတို့အပြင် ဟန်းဆက်ဖြင့် အသုံးပြုနိုင်သော CDMA 450MHz, CDMA 800MHz, GSM prepaid card, CDMA 450 prepaid card စသဖြင့် သုံးစွဲလာနိုင်သောကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ “အခု GSM SIM Card ဈေးနှုန်းက အရမ်းကို ကျလာပါတယ်။ ၂၀၀၉ခုနှစ်ကုန်ပိုင်းလောက်အထိ လိုင်းကတ်တစ်ခုကို တစ်ဆယ့်ရှစ်သိန်းဝန်းကျင်မှာ ရှိပါတယ်။ ဒါပေမယ့်အခု GMS နံပါတ်ဟောင်းတွေဖြစ်တဲ့ 0950 ဖုန်းတွေဆိုရင် တစ်ဆယ့်သုံးသိန်းကနေ တစ်ဆယ့်သုံးသိန်းခွဲအထိပဲ ဈေးရှိပါတော့တယ်။ 0951ဆိုရင်လည်း တစ်ဆယ့်လေးသိန်းနဲ့ 0952, 0953 နံပါတ်တွေဆိုရင် တစ်ဆယ့်ငါးသိန်းနဲ့ တစ်ဆယ့်ခြောက်သိန်းဝန်းကျင်ပဲ ရှိပါတော့တယ်။ နောက်ဆုံးထွက် WCDMAဖြစ်တဲ့ 0955တွေဆိုရင် တစ်ဆယ့်ခုနှစ်သိန်းနဲက တစ်ဆယ့်ရှစ်သိန်းဝန်းကျင်ပဲ ရှိပါတော့တယ်”ဟု မိုးဘိုင်းဖုန်းဈေးကွက် ကျွမ်းကျင်သူများက ပြောကြားသည်။
Ref: ကိုသက် (Internet Journal, Vol. 11, No. 3)