Guest. It's 03:35 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အကောက်ခွန် ကင်းလွတ်ခွင့်ကြောင့် အိုင်စီတီပစ္စည်းများဈေးကျဆင်း
Posted on Jan 20 10 - 05:07 PM | Hits : 3650
အကောက်ခွန် ကင်းလွတ်ခွင့်ကြောင့် အိုင်စီတီပစ္စည်းများဈေးကျဆင်း

ယခုနှစ် ဇန်န၀ါရီမှစတင်ကာ ပြည်ပမှ တင်သွင်းလာသော အိုင်စီတီဆိုင်ရာပစ္စည်းများအား အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချပြီး အခွန်ကင်းလွတ်ခွင့် ပေးလိုက်သည့်အတွက် ပြည်တွင်းရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ e-Asean Framework သဘောတူညီချက်အရ အာဆီယံ ဆယ်နိုင်ငံစလုံး၌ ပြည်တွင်းသို့ တင်သွင်းလာသော အိုင်စီတီိဆိုင်ရာ ပစ္စည်းများအား အကောက်ခွန် သုညရာခိုင်နှုန်းသို့ အပြီးသတ်လျှော့ချပေးမည့် အစီအစဉ်တွင် တချို့နိုင်ငံများ၌ ရာခိုင်နှုန်းအားဖြင့် အနည်းဆုံး သုညရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းအထိသာ ကျန်ရှိတော့ကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “အာဆီယံဆယ်နိုင်ငံအတွင်းမှာ ပြည်တွင်းကို သွင်းလာတဲ့ ဘယ်ပစ္စည်းအမျိုးအစားတွေကို (ကုန်သွယ်မှုအားလုံးကို) အကောက်ခွန်ရာခိုင်နှုန်း ဘယ်လောက်ကနေ ဘယ်လောက် လျှော့ချပေးမယ်ဆိုပြီး သွားနေတာ။ အခုပြည်တွင်း အိုင်စီတီဆိုင်ရာ ပစ္စည်းတွေကို အကောက်ခွန် သုညရာခိုင်နှုန်းကို စတင်လျှော့ချပေးတဲ့ အစီအစဉ် ဒီနှစ်ဆန်းပိုင်းကစပြီး အကျုံးဝင်နေပါပြီ။ အာဆီယံ ဆယ်နိုင်ငံအတွင်းမှာလည်း သွင်းကုန်ပစ္စည်းတွေကို အသုတ်အလိုက် အကောက်ခွန်တွေ လျှော့ပေးနေတာ အနည်းဆုံး ငါးရာခိုင်နှုန်းအထိပဲ ကျန်ပါတော့တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။

အာဆီယံဆယ်နိုင်ငံစလုံးတွင် အတူတကွ အကောင်အထည်ဖော်နေသည့် ပြည်တွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်းများအား အကောက်ခွန်ရာခိုင်နှုန်းများ လျှော့ချပေးနေသော အစီအစဉ်တွင် တစ်ခုအပါအ၀င်ဖြစ်သည့် အိုင်စီတီဆိုင်ရာ ထုတ်ကုန်များအား အကောက်ခွန် သုညရာခိုင်နှုန်းထိ လျှော့ချလိုက်ခြင်း အစီအစဉ်ကြောင့် ပြည်တွင်းရှိ အိုင်စီတီ (ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ) ပစ္စည်းများ၏ ၀ယ်လိုအားလည်း မြင့်တက်လာကာ ဈေးနှုန်းများပါ တစ်ပြိုင်နက် ကျဆင်းလာမည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ခန့်မှန်းထားခဲ့သော်လည်း ယခုအချိန်အထိ ၎င်းတို့၏ခန့်မှန်းချက်နှင့် တစ်ထပ်တည်း မကျသေးကြောင်း စုံစမ်းသိရှိရသည်။ “အခုကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းဈေးကွက်မှာ ဈေးနှုန်းတွေကျနေတယ်။ ဈေးနှုန်းတွေ ကျနေရတဲ့ အကြောင်းတွေက ကမ္ဘာ့ငွေဈေး အပြောင်းအလဲကြောင့်ရယ်၊ အခုလို အိုင်စီတီဆိုင်ရာ ပစ္စည်းတွေကို အကောက်ခွန် သုညရာခိုင်နှုန်းအထိ လျှော့ချပေးတာရယ်ကြောင့်ရယ်၊ ပြီးတော့ အရောင်းအ၀ယ်တွေ ပါးနေတာရယ်ကြောင့်ပါ”ဟု ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသော Thein Minn Computer Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုကဲ့သို့ အိုင်စီတီဆိုင်ရာ တင်သွင်းပစ္စည်းများအား  အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချပေးလိုက်ခြင်းကြောင့် ပြည်တွင်းရှိသက်ဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတိုးချဲ့မှုများအား ယခင်ထက် ပိုမိုပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ပြည်တွင်း နည်းပညာကုမ္ပဏီအချို့မှ လုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။ ယခုလက်ရှိအချိန်တွင် ပြည်တွင်းရှိ အိုင်စီတီဆိုင်ရာ ပစ္စည်းများတွင် အပါအ၀င်ဖြစ်သော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၏ ဈေးနှုန်းများ ကျဆင်းနေခြင်းမှာ အိုင်စီတီဆိုင်ရာပစ္စည်းများအား  အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချပေးလိုက်ခြင်းနှင့် တိုက်ရိုက်မပတ်သက်ဘဲ ပြည်တွင်းကွန်ပျူတာဈေးကွက် အရောင်းအ၀ယ် နည်းပါးနေရခြင်းနှင့်သာ သက်ဆိုင်နေကြောင်း ရန်ကုန်မြို့တွင်း ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်တချို့မှ စုံစမ်း သိရှိရသည်။ ယခုအချိန်အထိ ပြည်တွင်း ကွန်ပျူတာဈေးကွက်၌ ဈေးနှုန်းများကျဆင်းနေပြီး အရောင်းအ၀ယ်များ ပါးနေရခြင်းမှာ ပြီးခဲ့သည့် ၂၀၀၉ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “အခုလက်ရှိ ရန်ကုန်ကွန်ပျူတာဈေးကွက်မှာ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်းတွေကျနေတယ်။ ဘာလို့လဲဆိုတော့ ငွေဈေးကလည်း တစ်ထောင်ဝန်းကျင်တန်းနေတော့ ပင်ကိုယ်ဈေးကျတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အရောင်းကတော့ အေးနေတယ်။ အခုကွန်ပျူတာပစ္စည်းဈေးနှုန်းတွေ ကျနေတာ အိုင်စီတီဆိုင်ရာ ပစ္စည်းတွေကို အကောက်ခွန် သုညရာခိုင်နှုန်းထိ လျှော့ချလိုက်တာနဲ့ အနည်းအကျဉ်းလောက်တော့ ပတ်သက်နေတယ်”ဟု ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ်တွင် ဖွင့်လှစ်ထားသော Technoland Trading Co.,Ltdမှ ဒါရိုက်တာဒေါ်အေးအေးမြတ်က ပြောသည်။

Credit: ယုဇနကိုကို (7Day News Journal, Vol. 8, No. 45)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.