မျိုးဗီဇ ပြောင်းလဲပြုပြင်ထားသည့် ကောက်ပဲသီးနှံများ (GM Crops)နှင့်ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများ တကျော့ပြန် မြင့်တက်လာပြီဖြစ်သည်။ GM Cropsများသည် ကျောက်ကပ်နှင့် အသည်းတို့ကို ထိခိုက်ပျက်စီးစေသည့် အခြေအနေမျိုး တွေ့ရကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ပညာရှင်များသည် မျိုးဗီဇ ပြောင်းလဲထားသည့် GM Crops(၃)မျိုးကို တိရစ္ဆာန်များတွင် စမ်းသပ်မှု ပြုလုပ်ကျွေးမွေးခဲ့ရာ (၃)လအတွင်း ယင်းတို့၏ ကိုယ်တွင်းကလီစာများ ထိခိုက်ပျက်စီးလာသည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ ထို့ကြောင့်လည်း GM Cropsများအား ဆန့်ကျင်ရေး လှုပ်ရှားနေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀ါဒီများက ယင်းမျိုးဗီဇ ပြောင်းလဲရေး တီထွင်မှုများအား ပြင်းပြင်းထန်ထန် ရှုတ်ချလာကြသည်။ ၎င်းတို့က GM Cropsများသည် လူအများ၏ ကျန်းမာရေးကိုရော၊ သဘာ၀၀န်းကျင်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း အရေးဆို ကန့်ကွက်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံ၊ ကိန်းတက္ကသိုလ်မှ ဒေါက်တာဂီးလက်စ်အဲရစ် ဆာလီနီဦးဆောင်သော ပညာရှင်များသည် ယခုနောက်ဆုံး သုတေသန ပြုလုပ်မှုအား ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး GM Cropsများကို ကာလရှည်ကြာစွာ စားသုံးခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေကြောင်း ပြီးခဲ့သည့် သတင်းပါတ်က ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ “လေ့လာမှုတွေအရ GM Cropsတွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေ လုံးဝမပါတာ တွေ့ရပါတယ်။ ဒါပေမယ့် အဆိပ်အတောက်ဖြစ်စေတဲ့ သင်္ကေတတွေတော့ ရှိနေတာ အမှန်ပါပဲ”ဟု ဒေါက်တာ ဆာလီနီက New Scientistမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ဒေါက်တာဆာလီနီနှင့် အဖွဲ့သည် ကြွက်များကို GMပြောင်းဖူးများ ကျွေးမွေးကာ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး (၃)လအကြာတွင် ကြွက်များ၏ ခန္ဓာကိုယ်ဟိုမုန်းများနှင့် ဆီးအတွင်းတွင် အဆိပ်အတောက်ဓာတ်များ ပါလာသလို ကြွက်များ၏ အဆုပ်နှင့် အသည်းများမှာလည်း ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
Source: MailOnSunday