ဇန်န၀ါရီလ (၂၇)ရက်နေ့က Appleကုမ္ပဏီ၏ CEOဖြစ်သူ စတိဗ်ဂျော့ဘ်က နှစ်ရှည်လများ ထင်ကြေးအမျိုးမျိုးဖြင့် နာမည်ကြီးနေသည့် Tabletအမျိုးအစား ကွန်ပျူတာသစ်ကို စတင်ပြသခဲ့သည်။ ဆန်ဖရန်ဆစ္စကိုတွင် ပြုလုပ်သည့် Appleနှစ်ပတ်လည် ကွန်ဖရင့်တွင် ဂျော့ဘ်က ထုတ်ပြသွားသည့် Touchscreenနည်းပညာသုံး Tabletကွန်ပျူတာကို iPadဟု အမည်ပေးထားသည်။ ယင်းကွန်ပျူတာသည် Apple၏ နာမည်ကျော် iPhoneကို အခြေခံကာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ မျက်နှာပြင်အကျယ် (၉.၇)လက်မရှိသည့် Touchscreenအသုံးပြုနိုင်သော Displayပါရှိပြီး LEDနည်းပညာကို အသုံးပြုထားသဖြင့် High Definition ဗီဒီယိုများ ကြည့်ရှုနိုင်မည်ဖြစ်သည်။ iPadသည် အထူအားဖြင့် လက်မ၀က်သာရှိပြီး တစ်ပေါင်ခွဲလေးသည်။ ဂျော့ဘ်က ယခုကွန်ပျူတာသည် အဓိကအားဖြင့် ဗီဒီယိုများကြည့်ရှုရန်၊ ဂိမ်းကစားရန်နှင့် eBookများ ဖတ်ရှုရန် အသုံးဝင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

iPhoneအကြီးစားနှင့် အလွန်ဆင်တူသော iPadသည် Smartphoneများထက် Functionစုံသော်လည်း Laptopစစ်စစ်များလောက် စွမ်းဆောင်မှု မမြင့်သေးချေ။ ယင်းတွင် သိုလှောင်မှုစွမ်းရည် 16GB၊ 32GBနှင့် 64GBဟူ၍ (၃)မျိုးခွဲခြားထားပြီး ဈေးနှုန်းများအရ 16GBအတွက် (၄၉၉)ဒေါ်လာ၊ 32GBအတွက် (၅၉၉)ဒေါ်လာနှင့် 64GBအတွက် (၆၉၉)ဒေါ်လာ အသီးသီး ကျသင့်မည်ဖြစ်သည်။ ယင်းတို့ကို မတ်လအတွင်း စတင်ရောင်းချ ပေးသွားမည်ဖြစ်သည်။ iPadတွင် ချိတ်ဆက်မှုစနစ်အဖြစ် WiFiနှင့် Bluetoothတို့ကို ထည့်သွင်းပေးထားသည်။ 3Gစနစ်ပါ တပ်ဆင်ထားမည့် iPadများအတွက်မူ 16GBအတွက် (၆၂၉)ဒေါ်လာ၊ 32GBအတွက် (၇၂၉)ဒေါ်လာနှင့် 64GBအတွက် (၈၂၉)ဒေါ်လာ ပေးချေရမည်ဖြစ်ပြီး ဧပြီလနှောင်းပိုင်းကျမှ အမေရိကန်နှင့် သတ်မှတ်ထားသည့် နိုင်ငံများတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ iPad၏ ဘက်ထရီသက်တမ်းသည် (၁၀)နာရီခံပြီး iPod Touchနှင့် iPhoneတို့တွင် အသုံးပြုနိုင်သည့် Application (၁၄၀၀၀၀)ကျော်အနက် အားလုံးနီးပါးကို ပြန်လည်အသုံးပြုနိုင်သည်။

iBookstoreနှင့် iTuneတို့မှ eBookနှင့် သီချင်းများကို Downloadရယူနိုင်မည်ဖြစ်ပြီး iWorkခေါ် အလုပ်နှင့်ဆိုင်သည့် Applicationများ စုစည်းပေးထားသည့် ၀န်ဆောင်မှုတစ်ခု ပါလာခဲ့သည်။ Apple၏ အဆိုအရ iPad၏ Prcoessorနှင့် Graphicပိုင်း စွမ်းရည်မှာ အလွန်မြင့်မားမည်ဟု ဆိုသည်။ ထို့ပြင် iPadအတွက် Applicationသစ်များ ဖန်တီးနိုင်မည့် Software Developer Kitတစ်ခုပါ ထည့်ပေးထားကြောင်း သိရသည်။ သို့သော် Appleမှ အသစ်ထုတ်လိုက်သည့် iPadနှင့်ပတ်သက်၍ ဝေဖန်မှုများမှာလည်း ဆက်လက်ထွက်ပေါ်လျက်ရှိသည်။ iPadတွင် Camera, USB port မပါဝင်ခြင်း၊ Adobe Flash စနစ် မသုံးနိုင်ခြင်း၊ Screen သေးငယ်ခြင်းစသည့် အားနက်ချက်များ ရှိနေသည်။ ထို့အပြင် iPadဟု အမည်ပေးထားခြင်းမှာ မသင့်လျော်ဟုဆိုကြသလို Fujitsuကုမ္ပဏီကလည်း iPadအမည်မှာ ၎င်းတို့၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ကြေညာထားသည်ဟု သိရသည်။
Source: Independent
More photos on PLANET Myanmar...