သဘာဝကျသော မင်းသမီး၊ မထိတထိနှင့် ဂျစ်ကန်ကန် ဇာတ်ရုပ်ဆိုရင်တော့ ဒီမင်းသမီးပဲဟု သတ်မှတ်ခြင်းခံခဲ့ရသူက ထွန်းအိန္ဒြာဗို။ ရုပ်ရှင်ရိုက်တော့လည်း အောင်မြင်သည်။ သီချင်းဆိုတော့လည်း ထင်ရှားသည်။ သူ့လို နှစ်ဖက်စလုံးမှာ အောင်မြင်ဖို့ သိပ်မလွယ်ပါဟု အနုပညာရှင်တချို့ကပင် မှတ်ချက်ပြုသံများ ကြားခဲ့ဖူးသည်။ ဇာတ်ရုပ်နှင့် အသက်အရွယ်ကို ချိန်ညှိသရုပ်ဆောင်မှုကြောင့် ပုံစံခွက်ထဲမှ ခွဲထွက်နိုင်ခဲ့သည်မှာလည်း သူမ ရရှိခဲ့သော အကယ်ဒမီဇာတ်ကားများက သက်သေပင်။ “ကိုယ်ရောက်နေတဲ့ အသက်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဇာတ်ရုပ်တော့ ဖြစ်ဖို့လိုတာပေါ့”ဟုဆိုလာသည့် ထွန်းအိန္ဒြာဗို၏ ရင်တွင်းစကားများကို တင်ဆက်လိုက်ပါသည်။
၂၀၀၈ အကယ်ဒမီ တစ်ကြိုထဲမှာ မခိုင်ကို တစ်ပေးနေကြတဲ့ “အများနဲ့ မသက်ဆိုင်သောသူ” ဇာတ်ကား ရိုက်ကူးစဉ်က အမှတ်တရ အဖြစ်အပျက်လေးတွေ ပြောပြပေးပါလား။
အမှတ်တရ အဖြစ်အပျက်ဆိုရင်တော့ အဲဒီကားကို သန်လျင်မှာ ညဘက်ရှူတင်ရိုက်တော့ မြွေတွေ တွေ့တာပဲ။ ရိုက်ကွင်းက ၀ါးရုံတောပေါ်မှာ မြွေနှစ်ကောင်တွေ့တော့ လန့်သွားကြတယ်။ ဒါပေမဲ့ မြွေတွေက အေးအေးဆေးဆေးပါပဲ။ အန္တရာယ်လည်း မပြုကြဘူး။ ဒီဇာတ်က ခန့်စည်သူဇာတ်ပေါ့။ အစ်မ အနေနဲ့က အခန်းနည်းပေမယ့် နည်းတဲ့အခန်းမှာပဲ လုပ်ကွက်လေးတွေရှိတော့ Tempo သိပ်မရှိပေမယ့် ရိုက်ဖြစ်ခဲ့တယ်။ ချစ်ရူးသေပြီလို့ သိပြီးမှ ပြန်ရှင်လာတဲ့ အခန်းတို့ဆို လုပ်ကွက်ရတယ်လို့ ထင်တယ်။ အားရပါတယ်။
ဟာသကား အရိုက်နည်းပေမယ့် ရိုက်တဲ့ကားက သဘာဝကျကျ ဟာသမြောက်ခဲ့တဲ့အတွက် ဇာတ်ရွေးချယ်မှုကို အစ်မ ဘယ်လိုစီစဉ်ဖြစ်လဲ။
ဟာသကား အရိုက်နည်းတယ်ဆိုတာက ဟာသဆိုရင် အစ်မကို သိပ်မမြင်ကြဘူး။ ကိုယ့်ဆီလာတဲ့ ဇာတ်ထဲကပဲ ရွေးပြီးရိုက်ရတဲ့ သဘောရှိတယ်။ ကိုယ်ကတော့ ဒရာမာကို အားသန်ပေမယ့် ဈေးကွက်က ဟာသဖြစ်နေပြီလေ။ ဒီတော့ ဟာသမြောက်အောင် သရုပ်ဆောင်ဖို့က ကိုယ့်ကိစ္စ၊ ရယ်ဖို့ကိစ္စက ပရိသတ်ကိစ္စလို့ပဲ သဘောထားပြီး ရိုက်လိုက်ရတယ်။ ဟာသရေစီးကြောင်း ဖြစ်နေတာကိုး။
Live By Request ရှိုးဟာ နည်းပညာနဲ့ အနုပညာ ပူးပေါင်းတင်ဆက်တဲ့ ပထမဆုံးရှိုးပွဲအဖြစ် မှတ်တမ်းဝင်သွားပြီဆိုတော့ အစ်မရဲ့ ဖျော်ဖြေပွဲ အတွေ့အကြုံလေးကို ဝေမျှပေးပါဦး။
ဒီပွဲအတွက် စိတ်ကူးက ဒေါက်တာကိုကိုလွင်ရဲ့ စိတ်ကူးပေါ့။ မခင်ချမ်းသာတို့ကလည်း ကူညီပေးကြတယ်။ အစ်မက ဆိုရုံပဲ။ အဲဒီမှာ Tension ဘာရှိလဲဆိုတော့ တခြားဆိုနေကျ ရှိုးတွေလို သီချင်းတွေကို စာရင်းလုပ်ပြီး ဆိုရတာ မဟုတ်ဘူး။ စာမေးပွဲဖြေတဲ့ ကလေးတစ်ယောက် ဉာဏ်စမ်းပုစ္ဆာ ဖြေရသလိုပဲ။ တစ်ပုဒ်ပြီးရင် နောက်တစ်ပုဒ် ဘာဆိုရမလဲနဲ့ တစ်ပုဒ်ကို Intro စ၀င်နေတုန်း အင်္ကျီအပြေးအလွှား လဲရတာ။ ကံကောင်းတာက ပရိသတ်က City FMနဲ့ ၀က်ဘ်ဆိုက်ကနေ တောင်းတဲ့သီချင်းတွေက အစ်မတို့တိုက်ထားတဲ့ သီချင်းတွေအများစုနဲ့ တိုက်ဆိုင်သွားတယ်။ တိုက်မထားဘဲဆိုရတာ လေးငါးပုဒ်လောက်တော့ပါတယ်။ အခုအဲဒါကို အခွေပြန်ထုတ်ဖြစ်မယ်။ ပရိသတ်တွေက စီဒီချပ်တွေ သိမ်းချင်တယ်ဆိုတော့ ဒီအသိအမှတ်ပြုမှုက နည်းတာမှ မဟုတ်တာ။ အစစ်ပဲဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ် ပရိသတ်ရဲ့သိမ်းချင်တဲ့ဆန္ဒကို အစ်မတို့က ဖြည့်ဆည်းပေးချင်တယ်။ နည်းနည်းတော့ အချိန်ယူရဦးမှာပေါ့လေ။
နောက်ပိုင်းရိုက်ဖြစ်တဲ့ အစ်မရဲ့ဇာတ်ကောင် အများစုဟာ ရင့်ကျက်တဲ့ ပုံစံတွေပဲ မြင်ရတယ်။ “အဆိပ်ပြင်းသည်” ဇာတ်ကားတုန်းက သရီးစတက် ဆံပင်စတိုင်နဲ့ ဂျစ်ကန်ကန်ဇာတ်ရုပ်ကို ခုချိန်ပြန်ရိုက်ဖို့ ကမ်းလှမ်းလာရင် ဘယ်လိုဆုံးဖြတ်မလဲ။
ပြန်ရိုက်ချင်တယ်။ ရင့်ကျက်တဲ့ ပုံစံရိုက်ဖြစ်တာက သားလေးမွေးပြီး မိခင်ဖြစ်လာတဲ့အချိန်မှာ ဂျစ်ကန်ကန်တွေ မလုပ်ချင်တော့ဘူး။သားက နောင်တစ်ချိန်ပြန်ကြည့်ရင် မသင့်တော်တာတွေ ဖြစ်မှာလားဆိုပြီး သားဇောနဲ့ သဲသဲလှုပ်ဖြစ်ပြီး မရိုက်ဖြစ်တော့တာ။ ခု.. သားက လေးနှစ်ပြည့်တော့မယ်ဆိုတော့ အဲဒီလို ကာရိုက်တာလေးတွေ ပြန်ရိုက်ချင်တယ်။ တစ်ခုတော့ရှိတယ်။ အသက် ၁၆နှစ်အရွယ်က အချစ်အတွက် ရူးမိုက်တဲ့စိတ်နဲ့ ဂျစ်ကန်ကန်ပုံစံတော့ မရိုက်တော့ဘူး။ အသက်၄၀ကျော်အရွယ်ရဲ့ အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်မျိုးပဲ သရုပ်ဆောင်ချင်တယ်။ ကိုယ်ရောက်နေတဲ့ အသက်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဇာတ်ရုပ်တော့ ဖြစ်ဖို့လိုတာပေါ့။
အစ်မရဲ့ စကားတွေထဲမှာ ဘာသာရေးအကြောင်းတွေ သိပ်မပါတော့တာက အဲဒီမေးခွန်းတွေကို တမင်ရှောင်တာလား။
မရှောင်ဘူး။ မမေးကြတာပါ။ သားမမွေးခင်အထိ ဘယ်လိုကိစ္စ၊ ဘာအကြောင်းပဲရှိနေနေ ခြောက်လတစ်ကြိမ်တော့ တရားစခန်းကို ၀င်ကိုဝင်တယ်။ ခုနောက်ပိုင်း သားမွေးပြီးကတည်းက မ၀င်ဖြစ်တော့တာ လေးနှစ်ရှိပြီ။ အခု မတ်လ၁ရက်ကနေ ၁၀ရက်အထိ အစ်မ တရားစခန်းဝင်ဖို့ စီစဉ်ထားတယ်။
အမြဲမပြတ်လှုပ်ရှားနေတဲ့ အနုပညာသည် တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သရုပ်ဆောင်မှုအပေါ် ပြန်သုံးသပ်တဲ့အခါ ဘယ်လိုအဖြေ ထွက်ပေါ်လာပါသလဲ။
စလုပ်တုန်းက လုပ်ချင်တာပဲသိတယ်။ သိပ်နားမလည်ဘူး။ အစ်မက မမို့(မို့မို့မြင့်အောင်)ကို အရမ်းကြိုက်ခဲ့တော့ မမို့ပုံစံတွေနဲ့ သွားမိနေရာကနေ နားလည်လာတဲ့အခါ သီးသန့်ဖြစ်ရမယ်ဆိုတဲ့ အတွေးပေါ်လာတယ်။ ဒါ.. အတွေ့အကြုံအရ သိလာတာ။ နောက်ပြီး အစ်မရဲ့သရုပ်ဆောင်မှုဟာ လုပ်ဟန်၊ လုပ်သံတော့ မဖြစ်ရဘူး။ သဘာဝကျတဲ့ ပုံစံဖြစ်အောင်ပဲ အမြဲလုပ်တယ်။ ဒါပေမဲ့လည်း အရင်ကကားတွေ ဒီနေ့ပြန်ကြည့်ရင် ရယ်စရာတေ ဖြစ်ရသလို ဒီနေ့အသိ၊ ဒီနေ့စိတ်ကူးတွေနဲ့ လုပ်ထားတာတွေက နောင်တစ်ချိန်မှာပြန်ကြည့်ရင် ဘယ်လိုနေဦးမလဲ မသိနိုင်ဘူးပေါ့။
လက်ရှိအစ်မဖန်တီးပြချင်တဲ့ အနုပညာက ဘယ်လိုအကြောင်းအရာမျိုး ဖြစ်မလဲ။
သီးသန့်တော့ မရှိပါဘူး။ အစ်မတို့က ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရတဲ့ ခံစားချက်မျိုးနဲ့ လုပ်ရတာ မဟုတ်ဘူး။ မြန်မာ့လူမှုစည်းကမ်း၊ ယဉ်ကျေးမှုတွေအရ လုပ်ရတဲ့ Limitက တော်တော်ကျဉ်းတဲ့အတွက် ရတဲ့အတိုင်းအတာနဲ့ လုပ်ရတာဆိုတော့လေ။ ဒါပေမဲ့ အငယ်ခန်းမျိုး၊ ငယ်ဘ၀မျိုးဆိုရင်တော့ အစ်မငြင်းတယ်။ ငယ်တဲ့ဘ၀ကို ပြမယ်ဆိုရင်တော့ တခြားမင်းသမီးငယ်လေးတွေ အစားထိုးရိုက်ပါဆိုပြီး တောင်းဆိုတယ်။ ပြောလို့မရရင်တော့ အတတ်နိုင်ဆုံး သဘာဝကျအောင် လုပ်ရတာပါပဲ သမီးရယ်။
ကိုမျိုးကျော့နဲ့ အစ်မရဲ့အခွေက သိပ်ကြာနေတော့ ခုနေထုတ်မယ်ဆိုရင်တော့ update ဖြစ်ပါဦးမလား။
ဖြစ်တယ်သမီး။ သီချင်းတွေက ကိုယ်ပိုင်သံစဉ်တွေ အများစုဖြစ်တယ်။ ပြီးတော့ အစ်မတို့ ရွေးထားတဲ့သီချင်းတွေက ဘယ်တော့မှ မရိုးနိုင်တဲ့ ပုံစံမျိုးတွေဆိုတော့ ဘယ်အချိန်ထွက်ထွက် ပရိသတ်ကြိုက်မယ်လို့ ထင်တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က အစ်မသီချင်းတွေက ခုချိန်ပြန်နားထောင်လို့ ရနေသေးတာပဲလေ။ အစ်မကတော့ ဒီဖေဖော်ဝါရီထဲ ထွက်ဖို့ရှိတယ်လို့ မျှော်လင့်ရတာပဲ။ ဒေါက်တာကိုကိုလွင်တို့ပဲ စီစဉ်တာပါ။ တေးရေးတွေက ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်တို့ပါ။ အဆို၊ အတီး၊ mixing အားလုံးပြီးပြီ။ ထွက်ဖို့ပဲ ရှိတော့တယ်။
Credit: အေးသူ (7Day News Journal, Vol. 8, No. 46)