အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံ ဒူဘိုင်းမြို့တော် ရဲတပ်ဖွဲ့က ဟားမတ်စ်ပြောက်ကျား ခေါင်းဆောင်တစ်ဦးအား သတ်ဖြတ်မှုဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာတန်ယာဟူအား တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ အကြီးအကဲ ဒါဟီဟယ်လ်ဖန်က ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ဟားမတ်စ်တို့၏ ဩဇာကြီးမားသည့် စီးပွားရေးသမား တစ်ဦးဖြစ်သော မာမွတ်အယ်လ်မက်ဘ်ဟွာ ဒူဘိုင်းတွင် လုပ်ကြံခံရမှုအတွက် နာတန်ယာဟူက အစ္စရေးထောက်လှမ်းရေးအား ညွှန်ကြားခဲ့သည်ဟု မိမိတို့ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် အီရန်နိုင်ငံမှ လက်နက်များအား ဂါဇာသို့ လျှို့ဝှက်တင်ပို့နေသူအဖြစ် နာမည်ကြီးနေသည်။ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟူအနေနှင့် မာမွတ်အား လုပ်ကြံရန် အမိန့်ပေးခဲ့ကြောင်း သေချာပေါက် ဖော်ထုတ်နိုင်ပါက မိမိတို့သည် ၎င်းအားဖမ်းဆီးရန် ၀ရမ်းထုတ်မည်ဖြစ်ကြောင်း ဟယ်လ်ဖန်က အတိအလင်း ကြေညာခဲ့သည်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က ဟယ်လ်ဖန်သည် အဆိုပါကိစ္စအား ကူညီစုံစမ်းရန် နိုင်ငံတကာထောက်လှမ်းရေး အေဂျင်စီများအား ပန်ကြားခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ အကြောင်းကြားထားတဲ့ ထောက်လှမ်းရေး အေဂျင်စီတွေထဲမှာ အစ္စရေးရဲ့ မော့ဆက်တောင်ပါတယ်”ဟု ဟယ်လ်ဖန်က ပြောကြားသွားသည်။ ထို့အပြင် မာမွတ်သည် ဒူဘိုင်းသို့ ကုန်သွယ်ရေးကိစ္စတစ်ခုအတွက် ရောက်ရှိလာခြင်းသာဖြစ်သည်ဟု ယုံကြည်ရပြီး လက်နက်မှောင်ခိုနှင့် ပတ်သက်သော ကိစ္စမျိုး မတွေ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒူဘိုင်းတွင် ဖြစ်ပွားခဲ့သည့် မာမွတ်လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် အခြားသော အသေးစိတ် အချက်အလက်များကိုမူ ဟယ်လ်ဖန်က ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Source: Haaretz