နိုက်ဂျီးရီးယား အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက နာမကျန်းဖြစ်နေသော သမ္မတအား ရာထူးမှနှုတ်ထွက်ရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဒိုရာအက်ကူနီလီက ကျန်းမာရေး အခြေအနေကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် ဆေးဝါးကုသနေရသည့် သမ္မတ အူမာရူယာအဒူအာအနေနှင့် အာဏာလွှဲပြောင်းပေးရန် ဒိုရာက ဖေဖော်ဝါရီ (၃)ရက်နေ့ ၀န်ကြီးများ အစည်းအဝေးတွင် အကြံပြု ပြောဆိုသွားခြင်းဖြစ်သည်။ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးအဖြစ်လည်း တာဝန်ယူထားသည့် သူမက လုပ်ဖော်ကိုင်ဖက် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကိုလည်း ယခုတောင်းဆိုမှုအတွက် ပူးပေါင်းပါဝင်ရန် ပန်ကြားထားခဲ့သည်။ ဒိုရာက သမ္မတမရှိသော အစိုးရအဖွဲ့တစ်ခုအနေနှင့် လုပ်ငန်းဆောင်တာတိုင်းတွင် မပြတ်မသား ဖြစ်နေတတ်ကြောင်း ထောက်ပြပြောဆိုထားသည်။ သမ္မတအူမာရူသည် နိုဝင်ဘာလ (၂၃)ရက်နေ့ကတည်းက ဆော်ဒီသို့ ဆေးရုံသွားတက်နေရခြင်းဖြစ်သည်။ ၎င်းအနေနှင့် နိုင်ငံ့တာဝန်ကို မျက်ကွယ်ပြုထားရချိန်တွင် ခရစ်ယာန်နှင့် မွတ်ဆလင် ဘာသာရေး အဓိကရုဏ်း လူသတ်ပွဲများကဲ့သို့ ကြောက်စရာ အရေးအခင်းများ နိုင်ငံအတွင်း ပေါ်ပေါက်ခဲ့သည်။ ကမ္ဘာ့အကြီးကျယ်ဆုံး ရေနံတင်ပို့ရာ နိုင်ငံတစ်ခု၏ သမ္မတဖြစ်သူ အသက်(၅၈)နှစ်အရွယ် အူမာရူ မရှိချိန်တွင် နိုင်ငံအာဏာကို ဒုတိယသမ္မတ ဂွတ်လတ်ခ်ဂျိုနသန်က ခေတ္တထိန်းသိမ်းထားသော်လည်း လုပ်ပိုင်ခွင့် ကန့်သတ်မှုများကြောင့် တိုင်းပြည်အား အပြည့်အ၀ ဦးမဆောင်နိုင်ခဲ့ချေ။ နိုက်ဂျီးရီးယား သတင်းဌာနက လွှတ်တော်အနေနှင့် သမ္မတကြီးမှာ နိုင်ငံ့တာဝန်ကို တကျော့ပြန် ထမ်းဆောင်နိုင်မည်ဆိုသည့် မျှော်လင့်မှု လျော့ပါးလာနေကြောင်း ရေးသားခဲ့သော်လည်း တာဝန်ရှိသူများက အစဉ်တစိုက် ငြင်းဆိုခဲ့သည်။ ဒိုရာ၏ တောင်းဆိုမှုသည် နိုက်ဂျီးရီးယား ထိပ်တန်းအစိုးရ အဖွဲ့ဝင်တစ်ဦးအနေနှင့် ပထမဆုံး သမ္မတအား အာဏာစွန့်စေလိုကြောင်း သဘောထား ဖော်ပြမှု ဖြစ်လာခဲ့သည်။ သမ္မတ၏ ကျန်းမာရေး အခြေအနေကြောင့် သမ္မတအား ရာထူးမှနှုတ်ထွက်ရန် သင့်မသင့်ကို အဓိက ဆုံးဖြတ်ရမည့် တရားရုံးချုပ်ကမူ ယင်းကိစ္စအား တစုံတရာ မှတ်ချက်မပေးသေးကြောင်း သတင်းရရှိသည်။
Source: AFP