၂၀၀၈ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ လဟာပြင်ကဇာတ်ရုံတွင် ကျင်းပပြုလုပ်ရာ ၂၀၀၈ခုနှစ်အတွင်းက ရုံတင်ပြခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၁၂ကားမှ ထူးချွန်ရုပ်ရှင် အနုပညာရှင်များကို ရွေးချယ်၍ အကယ်ဒမီဆုများ ချီးမြှင့်ခဲ့သည်။ ၂၀၀၈ခုနှစ်အတွက် အကယ်ဒမီဆုများကို “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိ အောင်ပွဲခံသွားကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး စက်မှုအတတ်ပညာဆုတစ်ခုဖြစ်သည့် ဓါတ်ပုံဆုကို စတင်ကြေငြာပေးခဲ့ရာ ပန်းသာ (သန်းညွှန့်) မှ ကြိုးတန်းဇာတ်ကားဖြင့် ရရှိခဲ့သည်။ ထို့နောက်အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ကိုကြေငြာပေးခဲ့ရာ မျက်ခြယ်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးခဲ့သော အများနှင့် မသက်ဆိုင်သောသူ ဇာတ်ကားမှ သရုပ်ဆောင် ခင်မို့မို့အေး မှ ရရှိခဲ့သည်။

ဆက်လက်၍ အမျိုးသားဇာတ်ပို့ဆုကို ကြေငြာပေးရာ ကန်းထရီးစတား ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားပြီး ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးထားသော အကယ်ဒမီရှော့ ဇာတ်ကားမှ ရဲအောင်မှ ရရှိခဲ့သည်။ ထို့နောက် သရုပ်ဆောင်ဆုများတွင် အထူးခြားဆုံး ဆုတစ်ခုဖြစ်သော အမျိုးသမီးဇာတ်ဆောင်ဆုကို ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးထားသော မြင့်မိုရ်ထက်မှ သရဖူဇာတ်ကား မှ မို့မို့မြင့်အောင်မှ ရရှိခဲ့သည်။

အကောင်းဆုံးအနုပညာဆုတစ်ဆုဖြစ်သည့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဆက်လက်ကြေငြာခဲ့ရာ အများနှင့် မသက်ဆိုင်သော သူဇာတ်ကားမှပင်ထပ်မံရရှိခဲ့ပြီး အဆိုပါကားတွင် ကျပ်မပြည့်သော ချစ်ရူးအဖြစ် သရုပ်ဆောင်ခဲ့သည့် ခန့်စည်သူမှ ရရှိခဲ့သည်။ အများနှင့်မသက်ဆိုင်သောသူဇာတ်ကားသည် ယခုနှစ်အကယ်ဒမီ ပေးပွဲအတွက် ထူးခြားသော ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီး အဆိုပါကားထုတ်လုပ်သော မျက်ခြယ်ထုတ်လုပ်ရေးသည် အကောင်းဆုံး ဇာတ်ကား နှင့် အကောင်းဆုံး ဒါရိုက်တာဆုကိုပါ ဆက်လုပ်ဆွတ်ခူးခဲ့သည်။

ပိုမိုထူးခြားသည့် ဖြစ်ရပ်တစ်ခုမှာ အများနှင့် မသက်ဆိုင်သောသူဇာတ်ကားသည် အကယ်ဒမီမရရှိခဲ့ဖူးသော ထုတ်လုပ်ရေး၊ ဒါရိုက်တာ ၊ အကောင်းဆုံးသရုပ်ဆောင်အမျိုးသားဆုနှင့် အမျိုးသမီးဇာတ်ပို့ဆု စုစုပေါင်း အကယ်ဒမီဆု (၇)ခုအနက် (၄)ခု ရရှိခဲ့သော ဇာတ်ကားတစ်ကားဖြစ်ခဲ့သည်။

၂၀၀၈ခုနှစ် အကယ်ဒမီဆုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
အကောင်းဆုံး ဇာတ်ကားဆု - အများနှင့်မသက်ဆိုင်သောသူ (မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေး)
အကောင်းဆုံး ဒါရိုက်တာဆု - ညီညီထွန်းလွင် (အများနှင့် မသက်ဆိုင်သောသူ)
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု - ခန့်စည်သူ (အများနှင့် မသက်ဆိုင်သောသူ)
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု - မို့မို့မြင့်အောင် (မြင့်မိုရ်ထက်က သရဖူ)
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု - ရဲအောင် (အကယ်ဒမီရှော့)
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု - ခင်မို့မို့အေး (အများနှင့် မသက်ဆိုင်သောသူ)
အကောင်းဆုံး ဓာတ်ပုံဆု - သန်းညွန့်- ပန်းသာ (ကြိုးတန်း)

၂၀၀၈ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှ အကယ်ဒမီပုံရိပ်များကို PLANET Academy 2008တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
PLANET Myanmar