အရမ်းသတ္တိကောင်းတာလား၊ ရူးရူးမိုက်မိုက် စွန့်စားလွန်းတာလားဆိုတာ တွေးကြည့်ဖို့ ခက်ပါလိမ့်မယ်။ ရေထဲဆင်းပြီး အရှည်(၁၁)ပေရှိတဲ့ မိကျောင်းကြီးနဲ့ အတူတွဲပြီး ဓာတ်ပုံရိုက်ဖို့ဆိုတာ တော်ရုံလူတစ်ယောက် စိတ်ကူးတောင်ယဉ်မကြည့်ရဲတာ သေချာပါတယ်။

ဒါပေမယ့် အစ်ဇ်ရေးလ်ဂွန်ဇာလက်ဇ်ကတော့ အလေးချိန် ပေါင်(၁၀၀၀)ကျော်ရှိမယ့် အဲဒီအဏ္ဏ၀ါမုဆိုးကြီးနဲ့ ဓာတ်ပုံအတူရိုက်ဖို့ စိတ်ပါလက်ပါ လုပ်ခဲ့တာပါ။ အသက်(၃၁)နှစ်အရွယ် လူစွန့်စားဟာ ကျူးဘားကမ်းလွန် ရေအောက်မှာ အန္တရာယ်များလှတဲ့ ဒီအလုပ်ကို လုပ်ပြခဲ့တာဖြစ်ပါတယ်။

ဘုရင်မဥယျာဉ်လို့ နာမည်ပေးထားတဲ့ အဲဒီရေပြင်မှာ မိကျောင်းမကြီးက သူ့အသိုက်ကို အပြန်မှာ အစ်ဇ်ရေးလ်က လိုက်ပြီးတော့ ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။
အသက်ဘေးနီးလှတဲ့ အခုဓာတ်ပုံကိုတော့ အစ်ဇ်ရေးလ်ရဲ့ သူငယ်ချင်း ရေအောက်ဓာတ်ပုံဆရာ ဒေးဗစ်ဒူဘီလက်က ရိုက်ပေးခဲ့တာပါ။ ကျူးဘားတောင်ပိုင်း မိုင်(၆၀)လောက် အကွာက ကျွန်းစုလေးတွေ ပျံ့ကြဲနေတဲ့ နေရာမှာ ရိုက်ခဲ့တဲ့ပုံနဲ့ ပတ်သက်ပြီး ဓာတ်ပုံဆရာ ဒူဘီလက်က “နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ကျူးဘားမိကျောင်းကြီး တစ်ကောင်ကို ခုလိုပုံစံ ဆက်ဆံတာ အရမ်းကိုကြောက်စရာ ကောင်းပါတယ်”လို့ ၀န်ခံခဲ့ပါတယ်။ လူစွန့်စား အစ်ဇ်ရေးလ် ကိုယ်တိုင်ကလည်း သူဟာ ခပ်ကြောက်ကြောက်နဲ့ လုပ်ခဲ့တယ်ဆိုတာ ပြောပြသွားပါတယ်။ ဘုရင်မဥယျာဉ်ဟာ ကျူးဘားငါးဖမ်းသမားတွေနဲ့ အပျော်တမ်း ရေငုပ်သမားတွေ အများဆုံးရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ အဲဒီရေပြင်မှာ အမေရိက မိကျောင်းမျိုးတွေ နေထိုင်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အမေရိကန် မိကျောင်းမျိုးဟာ ဖလော်ရီဒါမှာလည်း အကောင်(၁၅၀၀)လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကမ္ဘာပေါ်မှာ မိကျောင်းအထူထပ်ဆုံး ဒေသတွေကတော့ အီဂျစ်နိုင်ငံ၊ အာဖရိကတိုက်ကာ ဆာဟာရကန္တာရနဲ့ ဆက်စပ်နေတဲ့ မြစ်ချောင်းတွေ၊ ဩစတြေးလျနိုင်ငံတို့ပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။
Source: DailyMail