Guest. It's 03:18 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
မြောက်အမေရိကတိုက်တွင် အအေးပြင်းထန်ပြီး ဆီးနှင်းထူထပ်စွာကျရောက်
Posted on Feb 08 10 - 03:08 PM | Hits : 1472
မြောက်အမေရိကတိုက်တွင် အအေးပြင်းထန်ပြီး ဆီးနှင်းထူထပ်စွာကျရောက်

မြောက်အမေရိကတိုက် အရှေ့ဖက်ကမ်းခြေ ဒေသအတော်များများတွင် ပြင်းထန်သော အအေးဒဏ်နှင့် နှင်းများသိပ်သည်းစွာ ကျရောက်လျက်ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ (၇)ရက်နေ့မှစပြီး စိုစွတ်သောနှင်းများ ကျဆင်းသည့် ရာသီဥတုသည် ရေခဲသည်အထိ ပိုမိုအပူချိန် ကျဆင်းလာနိုင်ကြောင်း ရာသီဥတု ပညာရှင်များက ခန့်မှန်းသတိပေးထားသည်။ ထို့အပြင် အမေရိကန်ရှိ လူဦးရေ သောင်းဂဏန်းမျှသည် လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရပြီး လမ်းပမ်းဆက်သွယ်မှုမှာလည်း အချို့နေရာများတွင် ခက်ခဲလျက်ရှိနေကြောင်း သိရသည်။ အင်ဒီးယားနားအရှေ့ပိုင်း၊ ပန်ဆီလ်ဗားနီးယားနှင့် မေရီလန်းမှတဆင့် မြောက်ကာရိုလိုင်းနားထိ နှင်းမုန်တိုင်း တိုက်ခတ်မှုအချို့ ဖြစ်ပေါ်ခဲ့ရာ ကီလိုမီတာ ရာပေါင်းများစွာထိ ကျယ်ပြန့်စွာ အအေးဒဏ်ကို ခံစားခဲ့ရခြင်းဖြစ်သည်။ မြောက်ပိုင်းမေရီလင်းတွင် နှင်းများကျဆင်းမှုသည် အထူ(၉၆)စင်တီမီတာထိ ရှိလာခဲ့ရာ စံချိန်တ် ပမာဏပင်ဖြစ်ကြောင်း ရာသီဥတု လေ့လာရေး ပညာရှင်များက ပြောကြားခဲ့သည်။ နေရာတိုင်းရှိ သစ်ပင်နှင့် အဆောက်အအုံ ထိပ်ဖျားများတွင် နှင်းများဖုံးလွှမ်းနေပြီး မေရီလန်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် လူ(၃)သိန်းခွဲခန့်မှာ အပူပေးစက်များကို အသုံးမပြုနိုင်ဘဲ ဖြစ်နေသည်။ ဗာဂျီးနီးယားတွင်လည်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း တာဝန်ရှိသူများကဆိုသည်။ “လမ်းတွေက ကားမောင်းဖို့တောင် အရမ်းခက်နေပါတယ်။ နောက်ပြီးတော့ ဓာတ်အားပြတ်တောက်တဲ့ ကိစ္စကလည်း ကျွန်တော်တို့အတွက် ပြဿနာတစ်ခုပါ”ဟု မေရီလန်း အရေးပေါ်အခြေအနေ စီမံကွပ်ကဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဗာဂျီးနီးယား ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ (၆)ရက်နေ့ တစ်ရက်တည်းတွင်ပင် အကူအညီ တောင်းခံမှုအတွက် ဖုန်းခေါ်မှုပေါင်း (၃၁၆၇)ခုကို လက်ခံရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ယင်းတို့အနက် (၃)ပုံ(၂)ပုံမှာ ယာဉ်တိုက်မှုနှင့် ကားဆက်၍ မမောင်းနိုင်တော့သော ပြဿနာများကြောင့်ဟု သိရသည်။ ဗာဂျီးနီးယားတွင် မြင်ကွင်းမှုန်ဝါးမှုကြောင့် ထရက်တာတစ်စင်းက ကားတစ်စင်းကို ၀င်တိုက်သောကြောင့် သားအဖနှစ်ဦး သေဆုံးခဲ့သေးကြောင်းလည်း သိရသည်။ ဖေဖော်ဝါရီလ (၆)ရက်နေ့နှင့် (၇)ရက်နေ့များအတွင်း ၀ါရှင်တန်-ဘာလ်တီမောရ်နှင့် အနီးဝန်းကျင် ဒေသများကြား ပျံသန်းပြေးဆွဲသည့် လေယာဉ်ခရီးစဉ် အတော်များများကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း လေကြောင်းထိန်းသိမ်းရေးဌာန တာဝန်ရှိသူများကဆိုသည်။ ၀ါရှင်တန်အလယ်ပိုင်း ဒေသရှိ ကလေးငယ်များကမူ ရာသီဥတု အေးခဲမှုအတွက် ပျော်ရွှင်ကျေနပ်လျက်ရှိကြသည်။ ၎င်းတို့သည် ဒုတိယ အင်အားအကြီးဆုံး နှင်းမုန်တိုင်း တိုက်ခတ်မှုကို ခံခဲ့ရသော်လည်း ကလေးငယ်များက နှင်းဘောလုံးများ ပစ်ပေါက်ကစားကာ ပျော်ရွှင်လျက်ရှိသည်။ ၀ါရှင်တန်တွင်လည်း နေအိမ်အတော်များများ လျှပ်စစ်မီး ပြတ်တောက်နေသလို လူပေါင်းနှစ်သိန်းမျှ လျှပ်စစ်မီး မရသဖြင့် ပြဿနာကြုံနေရသည်။ အမေရိကန်၏ အိမ်နီးချင်းနိုင်ငံဖြစ်သော မက္ကစီကိုတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနှင့် နှင်းမုန်တိုင်းများ တိုက်ခတ်မှုတို့ကြောင့် လူပေါင်း(၂၉)ဦးထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။

Source: Aljazeera

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.