အမေရိကန်နိုင်ငံရှိ ဓာတ်အားပေး စက်ရုံတစ်ခုတွင် ကြီးမားပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၅)ဦးသေဆုံးပြီး နောက်ထပ်လူ(၅၀)အတွက်လည်း အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။ ဒေသစံတော်ချိန် ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက်(၁၁း၂၅)နာရီတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း အမြင့်ပေ(၄၀)ထိရှိသော မီးလျှံကြီးများ ထိုးတက်လာကြောင်း မျက်မြင်များကဆိုသည်။ ကွန်နက်တီကက်ရှိ မစ်ဒယ်လ်တောင်းမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုမှ ထွက်လာသည့် အသံကို (၁၀)မိုင်အကွာမှပင် ကြားခဲ့ရသည်။

“အလောင်းတွေကို နေရာတိုင်းလိုလိုမှာ တွေ့ခဲ့ရတယ်”ဟု စက်ရုံအနီး နေထိုင်သူတစ်ဦးကဆိုသည်။ ရဲဌာနက လူ(၅)ဦး သေဆုံးခဲ့ကြောင်းသာ အတည်ပြုသေးသော်လည်း အရေးပေါ်ဌာန ၀န်ထမ်းများက စက်ရုံအတွင်းရှိ ၀န်ထမ်း(၅၀)အတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း ၀န်ခံထားသည်။ ပေါက်ကွဲမှုကြောင့် လူ(၂၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ Kleen Energy Systemsက ပိုင်ဆိုင်သည့် ယင်းဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုသည် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများတွင် မီးစွဲလောင်ရာမှ စတင်သည်ဟု တာဝန်ရှိသူများက ယူဆထားသည်။

သေဆုံးသူ အရေအတွက်နှင့် ပတ်သက်ပြီး ဆေးရုံတာဝန်ခံ တစ်ဦးဖြစ်သည့် ဘရိုင်ယန်အဲလ်ဘတ်က “လောလောဆယ်တော့ ရှုပ်ထွေးနေတုန်းပါ။ ဖြစ်နိုင်တာကတော့ လူ(၅၀)လောက်ထိ သေနှုန်းမြင့်လာမယ် ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။ မစ်ဒယ်လ်တောင်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သည့် ဂျော့ဂ်ျရက်ပ်စ်က “ကျွန်တော်တို့ အရမ်းကြီးကျယ်တဲ့ ပေါက်ကွဲမှုကြီး တစ်ခုနဲ့ ကြုံခဲ့တာပါ။ ဒဏ်ရာရမှု၊ သေဆုံးမှုတွေ ရှိပါတယ်။ လောလောဆယ်တော့ မီးသတ်ဌာနက အခြေအနေကို ထိန်းနိုင်အောင် ကြိုးစားနေတုန်းပါ”ဟု သတင်းထောက်များအား ထုတ်ဖော်ပြောဆိုထားသည်။ ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့မှ ဒုတိယ အကြီးအကဲ အယ်လ်ဆန်တိုစတက်ဖ်နိုက ပေါက်ကွဲမှုသည် ဓာတ်အားပေးစက်ရုံ၏ အကြီးဆုံး အဆောက်အအုံနောက်ဖက်မှ ဓာတ်ငွေ့ပိုက်လိုင်းများတွင် စတင်ခြင်းဟု ယူဆရကြောင်း ပြောကြားခဲ့သည်။

“စက်ရုံက သံမဏိတွေနဲ့ အဓိကဆောက်ထားတာပါ။ လူတွေက ပြိုကျနေတဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေနိုင်ပါသေးတယ်”ဟု စတက်ဖ်နိုကဆိုသည်။ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက ပေါက်ကွဲမှုတွင် အကြမ်းဖက်သမားများနှင့် ဆက်စပ်နေသည်ဟု ယူဆရသည့် အချက်အလက်များ မတွေ့ရကြောင်း ပြောကြားခဲ့သည်။ ယခုဓာတ်အားပေး စက်ရုံသည် သဘာဝဓာတ်ငွေ့ကို တာဘိုင်များအတွက် အသုံးချပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ အကယ်၍ သဘာဝဓာတ်ငွေ့ မရှိပါက ဆာလ်ဖာဓာတ်ပါဝင်မှု နည်းပါးသည့် လောင်စာဆီဖြင့် လည်ပတ်လေ့ရှိသည်။ မစ်ဒယ်လ်တောင်း ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။
Source: Yahoo