တွေ့ဖူးမြင်ဖူးသမျှ ကစားသမား အားလုံးတွင် ၀ိန်းရွန်နီသာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဟု မိမိယုံကြည်ကြောင်း ချယ်လ်ဆီးနည်းပြ ကာလိုအန်ဆလော့တီက ၀န်ခံလိုက်သည်။ အီတလီလူမျိုး နည်းပြကြီးက ပရီးမီးယားလိဂ် သရဖူပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက်၏ တိုက်စစ်မှူးသည် အလွန်ထူးချွန်ထက်မြက်ကြောင်း ချီးကျူးပြောဆိုသွားသည်။ ယူနိုက်တက်သည် ဖေဖော်ဝါရီလ (၆)ရက်နေ့က ပို့စ်မောက်သ်နှင့် ယှဉ်ပြိုင်ရာ အရေးပါသော ဦးဆောင်ဂိုးကို ဒါရင်ဖလက်ချာ၏ ဖြတ်တင်ဘောမှတဆင့် ရွန်နီက ခေါင်းတိုက်ကာ သွင်းယူပေးခဲ့ပြီး ထို့နောက်တွင်တော့ ယူနိုက်တက်က တစ်ပွဲလုံး အသာစီးရသွားပြီး (၅-၀)ဖြင့် အနိုင်ရခဲ့သည်။
အသက်(၂၄)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်သည် ပရီးမီးယားလိဂ်တွင် (၂၁)ဂိုးသွင်းကာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး အနီးဆုံးပြိုင်ဘက် ဒီဒီရာယာဒရော့ဂ်ဘာထက် (၄)ဂိုးအသာရနေသည်။ “ခုလောလောဆယ်တော့ သူဟာကမ္ဘာ့အကောင်းဆုံး ကစားသမားပါပဲ”ဟု အန်ဆလော့တီကဆိုသည်။ “ယူနိုက်တက်ဟာ ခုဆိုရင် ရွန်နီ့ဆီက အကောင်းဆုံးခြေစွမ်းကို အသုံးချခွင့် ရနေပါပြီ။ သူဟာ ပင်ကိုယ်အရည်အသွေးကို တစ်ပွဲပြီးတစ်ပွဲ တိုးတက်လာအောင် လုပ်နိုင်ခဲ့သူပါ။ သူ့ရဲ့ခြေစွမ်းမှာ အကျပိုင်းဆိုတာ မရှိတဲ့အတွက် ကျွန်တော်အရမ်း အံ့ဩမိပါတယ်။ အဲဒီအစား သူ့ရဲ့စွမ်းဆောင်ရည်က ပိုပိုပြီး ကောင်းလာနေတယ်”ဟု ချယ်လ်ဆီးနည်းပြက မှတ်ချက်ပြုခဲ့သည်။ အန်ဆလော့တီက “ရွန်နီရဲ့ခြေစွမ်း ထိပ်ဆုံးဖြစ်နေတာ ယူနိုက်တက်အတွက်ပဲ ကောင်းတာမဟုတ်ဘူး။ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်လည်း ကမ္ဘာ့ဖလား ဆွတ်ခူးရေးအတွက် စိတ်ဓာတ်တက်ကြွစရာပါပဲ”ဟုဆိုသည်။ ထို့အပြင် ယူနိုက်တက်သည် ချန်ပီယံဖလားအတွက် အမြဲတမ်းအန္တရာယ်ရှိနေသော ပြိုင်ဖက်ဖြစ်ကြောင်းလည်း အန်ဆလော့တီက ၀န်ခံခဲ့သည်။ “သူတို့ဘယ်လောက် အခြေအနေဆိုးခဲ့ဆိုးခဲ့၊ အမြဲတမ်း ရုန်းထလာနိုင်ပါတယ်။ တစ်သင်းလုံး အတွေ့အကြုံအရမ်းရင့်ကျက်ပြီး ရာသီကုန်နောက်ဆုံးအချိန်ထိ ပရီးမီးယားလိဂ် ဖလားကို ရအောင်ယူနိုင်တဲ့ အစွမ်းရှိသူတွေပါ”ဟု ချယ်လ်ဆီးနည်းပြကြီးက ပြိုင်ဖက်အသင်းအား ချီးကျူးပြောဆိုသွားခဲ့သည်။
Source: SoccerNet.ESPN