ဖိုက်ဘာဆက်ကြောင်းဖြင့် အင်တာနက်ဝန်ဆောင်မှုပေးခြင်း (Fiber to the home) စနစ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရတနာပုံကုမ္ပဏီလီမိတက်မှ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ မြနန်းတော်ဟိုတယ်တွင် စတင်မိတ်ဆက်မည်ဖြစ်သလို အဆိုပါအခမ်းအနား၌ပင် Fiber to the home စနစ်အား Prepaid စနစ်ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “Prepaid“ စနစ်ဆိုတာက ငွေကြိုတင်ပေးချေတဲ့ စနစ်တစ်ခုဖြစ် ပါတယ်။ သုံးလသုံးချင်တဲ့သူက သုံးလစာပေးချေရမှာဖြစ်ပါတယ်။ ခြောက်လသုံးချင်တဲ့သူက ခြောက်လစာပေးချေရမှာဖြစ်ပါတယ်။ 5 Movie, 5 Series အသုံးပြုတဲ့အခါ ပေးချေရတဲ့ပုံစံမျိုးဖြစ်ပါတယ်” ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ ပြောကြားခဲ့သည်။ “ပြင်ဦးလွင်ကို ပထမဆုံး Fiber to the Home နည်းပညာကို စတင်ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။ ပြင်ဦးလွင်ပြီးရင် မန္တလေးမှာဆက်ပြီးပေးမယ်။ ရန်ကုန်က တော့ နောက်ဆုံးမှပေးတာမျိုးမဟုတ်ပါဘူး။ ရတနာပုံဆိုက်ဘာစီးတီးကနေ နီးစပ်ရာမြို့တွေကို ချပေးသွားတဲ့သဘောပါ” ဟု ၎င်းကပြောကြားခဲ့သည်။
Fiber to the home နည်းပညာကို ရတနာပုံဆိုက်ဘာစီးတီးရှိ ရတနာပုံဆိုက်ဘာဟောတွင် ကျင်းပပြုလုပ်သော အဋ္ဌမအကြိမ်မြောက် အိုင်စီတီပြပွဲတွင် နည်းပညာကုမ္ပဏီများစွာမှပြသခဲ့သည်။ Fiber to the home စနစ်မှာ Cable ကြိုးတစ်ချောင်းဖြင့် မြန်နှုန်းမြင့်အင်တာနက်၊ ရုပ်မြင်သံကြားနှင့် တယ်လီဖုန်းစသော ဆားဗစ်သုံးမျိုးကိုသုံးနိုင်သည့် စနစ်တစ်ခုဖြစ်သည်။
Credit - Internet Journal, Vol(11) issue(6)