Guest. It's 03:07 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ငါးမန်းနဲ့တွေ့ရာက သေဘေးမှ လွတ်အောင်ရှောင်နိုင်ခဲ့တဲ့ မိန်းကလေးငယ်
Posted on Feb 09 10 - 05:44 PM | Hits : 3086
ငါးမန်းနဲ့တွေ့ရာက သေဘေးမှ လွတ်အောင်ရှောင်နိုင်ခဲ့တဲ့ မိန်းကလေးငယ်

နယူးဇီလန်နိုင်ငံမှာ အပမ်းဖြေခရီး ထွက်နေရင်း ကြုံခဲ့ရတဲ့ အတွေ့အကြုံကတော့ ဆယ်ကျော်သက်မလေး လိုင်ဒီယာဝါ့ဒ်အတွက် ဘယ်တော့မှ မမေ့နိုင်စရာပါပဲ။ ဒါပေမယ့် အကြပ်အတည်း ကြုံနေချိန်မှာ အကောင်းဆုံး ထွက်ပေါက်ရှာနိုင်ခဲ့တဲ့ (၁၄)နှစ်သမီးလေးဟာ ငါးမန်းတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရပေမယ့် ကိုယ်စွမ်းဥာဏ်စွမ်းနဲ့ ရုန်းကန်ရင်း လွတ်မြောက်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့က လိုင်ဒီယာဟာ ရေကူးဘုတ်ပြားလေးတစ်ခုနဲ့ နယူးဇီလန်နိုင်ငံ၊ အိုရာတီကမ်းခြေက သူ့ရင်ညွန့်လောက်ထိပဲရှိတဲ့ ရေအနက်မှာ ဆော့ကစားနေတုန်း ခုလိုမျိုး သည်းထိတ်ရင်ဖို အဖြစ်အပျက်နဲ့ ကြုံခဲ့တာပါ။ လိုင်ဒီယာက ငါးမန်းတစ်ကောင်နဲ့ ထိပ်တိုက်တွေ့နေပြီလို့ သိလိုက်တာနဲ့ သူ့ခြေကုပ်မြဲဖို့ကို အာရုံစိုက်ခဲ့တယ်လို့ ပြောပြသွားပါတယ်။ တကယ်လို့ သူသာလဲကျပြီး ရေနစ်သွားရင် ဆိုးဆိုးရွားရွားတွေ ကြုံလာတော့မယ်ဆိုတဲ့ အသိက လိုင်ဒီယာဆီက ခွာမသွားတာ ကံကောင်းခဲ့တာပါပဲ။ “ကျွန်မအဲဒီတုန်းက ရေတိမ်ပိုင်းမှာပဲ ရှိသေးတယ်။ ရေကကျွန်မရင်ဘတ်လောက်ထိပဲ နက်တာပါ”လို့ လိုင်ဒီယာက ပြောပြခဲ့ပါတယ်။



“ကျွန်မခြေထောက်မှာ တစ်ခုခုစူးသွားတယ်လို့တော့ သတိထားလိုက်မိတယ်။ နောက်ပြီးတော့ ကျွန်မနားမှာ သက်ရှိတစ်ကောင် ရောက်နေတာကိုလည်း အလိုလို ခံစားမိလာတယ်။ ပထမတော့ ရေထဲမျောလာတဲ့ သစ်ကိုင်းခြောက်တစ်ခု ဖြစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပါသေးတယ်။ ဒါပေမယ့် ကျွန်မဟာ ငါးမန်းတစ်ကောင်နဲ့ တိုးခဲ့ပြီဆိုတာကိုတော့ ညာလို့မရတော့ပါဘူး”လို့ လိုင်ဒီယာက ဒေသခံ သတင်းထောက်တွေကို ပြောပြသွားပါတယ်။ Southland Timesသတင်းစာနဲ့ အင်တာဗျူးမှာ လိုင်ဒီယာက “အဲဒီဟာက အေးစက်စက်၊ ချောကျိကျိကြီး။ ပြီးတော့ ပျော့ပျော့အိအိနဲ့လေ။ ကျွန်မက ခြေထောက်ကို ကမ်းခြေဖက်ကို ပြန်လာဖို့ ပြင်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါ ခြေချလိုက်တာနဲ့ အဲဒီဟာက ကျွန်မကို ထပ်ပြီးလာထိတယ်”လို့ သူ့အတွေ့အကြုံကို ဖောက်သည်ချခဲ့ပါတယ်။ အဲဒီနောက်တော့ လိုင်ဒီယာက အနားမှာရှိတဲ့ (၁၀)နှစ်အရွယ် သူ့မောင်လေး အဲလက်စ်ကို အမြန်ဆုံး ကုန်းပေါ်တက်ဖို့ အော်ပြီးသတိပေးခဲ့ပါတယ်။ “ကျွန်မဘေးနားက မီးခိုးရောင် ခန္ဓာကိုယ်ကြီးကို ပိုပြီးထင်ထင်ရှားရှား မြင်လာခဲ့တော့ အရမ်းကြောက်မိပါတယ်။ ဒါပေမယ့် ကျွန်မက ငါးမန်းရဲ့ သွားတွေကိုလည်း မမြင်ခဲ့ရပါဘူး။ နောက်ပြီးတော့ ကြောက်စိတ်ကြောင့် နာလို့နာမှန်းတောင် မသိခဲ့ပါဘူး။ ကျွန်မခြေထောက်ကို တစ်ခုခုက ဆွဲထားသလို ရေပေါ်ကိုလည်း သွေးတွေဝေ့လာတော့မှာ ကိုယ့်ကိုယ်ကို ငါးမန်းအကိုက်ခံရပြီမှန်း သတိထားမိခဲ့တာပါ”လို့ လိုင်ဒီယာက ဆိုပါတယ်။ ဒါပေမယ့် အဆိုးဆုံး အချိန်မှာတောင် သတိမလွတ်သွားတဲ့ မိန်းကလေးဟာ သူဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ငါးမန်းနဲ့ဆိုင်တဲ့ ဗဟုသုတ တစ်ခုကို ရုတ်တရက် သတိရသွားခဲ့ပါတယ်။ လူတစ်ယောက်ဟာ ငါးမန်းတစ်ကောင်ကို ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင် ငါးမန်းရဲ့ခေါင်းကို အဓိကထားပြီး တိုက်ခိုက်သင့်တယ်။ ဒါဆိုရင် အဲဒီငါးမန်းက ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားမယ်လို့ လိုင်ဒီယာက စာအုပ်တွေထဲမှာ ဖတ်ဖူးခဲ့တာပါ။ “ချက်ချင်းပဲ ကျွန်မရဲ့ ရေကူးဘုတ်ပြားနဲ့ ငါးမန်းရဲ့ခေါင်းရှိမယ့်နေရာကို မှန်းပြီးတော့ ရိုက်ထည့်လိုက်ပါတယ်။ ငါးမန်းကြီးက ကိုက်ထားတာကို လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ရေထဲမှာ ကျွန်မသွေးတွေရှိနေသေးတော့ ဒီကောင်ကြီး ပြန်ရောက်လာဦးမယ်လို့ ကျွန်မစိတ်ထဲ ထင်ခဲ့ပါတယ်”လို့ လိုင်ဒီယာက ပြောပြခဲ့ပါတယ်။



ဒါပေမယ့် လိုင်ဒီယာ့ကိုယ်ပေါ်က ဒဏ်ရာတွေအရ ခန့်မှန်းအရှည် (၆)ပေလောက်ရှိမယ့် ရေသတ္တ၀ါဆိုးကြီးက လိုင်ဒီယာ ကမ်းပေါ်ကို ဘေးရန်ကင်းကင်း ပြန်ရောက်လာချိန်အထိ နောက်တကျော့ ၀င်ကိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ လိုင်ဒီယာ့ ရေကူးဝတ်စုံမှာတော့ အပေါက်တွေဖြစ်ပြီး ကျန်ခဲ့သလို သူ့ခြေထောက်မှာလည်း ငါးမန်းကိုက်ထားတဲ့ ဒဏ်ရာ(၂)ခု ရသွားခဲ့ပါတယ်။ ဆရာဝန်တွေကတော့ လိုင်ဒီယာရဲ့ ဒဏ်ရာတွေက စိုးရိမ်စရာ မရှိဘူးလို့ ပြောပြခဲ့ပါတယ်။ နယူးဇီလန်တောင်ပိုင်းက အင်ဗာကာဂီလ်မြို့မှာ နေထိုင်တဲ့ လိုင်ဒီယာ့မိခင် ဖီအိုနာကတော့ သူ့သမီးရဲ့ အန္တရာယ်ကြုံချိန်မှာ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့တဲ့ စွမ်းရည်အတွက် ဂုဏ်ယူမိတယ်လို့ ပြောသွားပါတယ်။ “သမီးက ရေထဲကတက်လာပြီး ကျွန်မကို ဘာဖြစ်လာတယ်ဆိုတာ ပြောပြပါတယ်။ အဲဒီတော့မှ သူ့ရဲ့ရေကူးဝတ်စုံက ငါးမန်းသွားရာတွေကိုမြင်ပြီး ကျွန်မလည်း လန့်သွားတယ်”လို့ ဖီအိုနာက ဆိုပါတယ်။ ကမ်းခြေလုံခြုံရေး ရဲတပ်ဖွဲ့က ဆာဂျင်ဘရုစ်တယ်ရီကတော့ ဒီလိုကိစ္စမျိုးက ဖြစ်တောင့်ဖြစ်ခဲပါလို့ ပြောသွားခဲ့ပါတယ်။ “ဒါပေမယ့်လည်း ပင်လယ်ထဲမှာ သက်ရှိတွေ အမြဲတမ်းရှင်သန်နေသလို လူတွေအတွက် ရာနှုန်းပြည့် အန္တရာယ်ကင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့ ဘရုစ်က မှတ်ချက်ပေးခဲ့ပါတယ်။ လိုင်ဒီယာကတော့ သူ့ကိုကိုက်တဲ့ ငါးမန်းကို အပြစ်မမြင်ပါဘူး။ “အဲဒီကောင်ကြီးလည်း ကျွန်မကိုကြောက်ပြီး သူ့ကိုယ်သူ ကာကွယ်တာ ဖြစ်ပါလိမ့်မယ်”လို့ သတ္တိခဲမလေးက ထင်ကြေးပေးပါတယ်။ အိုရာတီမှာ နောက်ဆုံးအကြိမ် ငါးမန်းတိုက်ခိုက်မှု ဖြစ်ခဲ့တာက (၁၉၉၉)ခုနှစ်ကပါ။ အဲဒီတုန်းကလည်း မိန်းကလေးငယ် တစ်ယောက်ကို ငါးမန်းကိုက်လိုက်တဲ့အတွက် အချက်(၆၀)ချုပ်ခဲ့ရပါတယ်။ လိုင်ဒီယာဟာ ရေကူးဝါသနာ ပါသူဖြစ်ပြီး ပင်လယ်ကမ်းခြေမှာ ခဏခဏ ရေကူးလေ့ရှိသူပါ။ ဒါပေမယ့် နောက်ဆိုရင်တော့ ကန်တွေနဲ့ မြစ်တွေကိုပဲ သူရေကူးမယ့်နေရာအဖြစ် ရွေးတော့မယ်လို့ လိုင်ဒီယာက ပြောသွားခဲ့ပါတယ်။

Source: MailOnSunday

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.