ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် လူငယ်များတွေ့ဆုံပွဲ အခမ်းအနားသို့ မြန်မာလူငယ် အမျိုးသမီးတစ်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ One Young World (www.oneyoungworld.com) အဖွဲ့ကြီးမှ တာဝန်ရှိသူများက မတင်မြတ်ထက်အား မြန်မာနိုင်ငံကိုယ်စားပြု ထူးချွန်လူငယ်အဖြစ် တွေ့ဆုံပွဲတက်ရောက်ခွင့် ပြုခဲ့ပြီး မတင်မြတ်ထက်သည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်သို့ ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၁၂)ရက်နေ့ထိ သွားရောက်ပြီး ကမ္ဘာအရပ်ရပ်မှ ထူးချွန်လူငယ်များနှင့် တွေ့ဆုံခဲ့သည်။ မတင်မြတ်ထက်သည် လူငယ်နှီးနှောဖလှယ်ပွဲတွင် ကဏ္ဍ(၆)ခုအတွက် ပါဝင်ဆွေးနွေးခဲ့ပြီး ယင်းတို့မှာ Environment and its protection၊ Global Business and its shaping society၊ Interfaith Dialogue၊ Media, its changing power and identity၊ Global Healthနှင့် Political Leadershipတို့ ဖြစ်ကြသည်။ ထိုဆွေးနွေးပွဲသို့ မတင်မြတ်ထက်နှင့်အတူ ကမ္ဘာ့နိုင်ငံ (၁၉၂)ခုမှ လူငယ်(၁၅၀၀)ကျော် တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ဒက်စ်မွန်တူးတူး၊ ကိုဖီအာနန်နှင့် ဘော့ဘ်ဂဲလ်ဒေါ့ဖ်တို့က ထောက်ခံကူညီမှုများ ပြုလုပ်ခဲ့သည်။ One Young Worldသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ အနာဂတ်အတွက် ထူးချွန်လူငယ် ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကာ ယခုဆွေးနွေးပွဲမျိုးကို ဖန်တီးပေးထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး လူငယ်ဆွေးနွေးပွဲ ဖြစ်ရုံမျှမက ကမ္ဘာ့နိုင်ငံ အားလုံးနီးပါး တက်ရောက်ကြသည့် ပထမဆုံး လူငယ်ဆွေးနွေးပွဲလည်း ဖြစ်လာခဲ့သည်။
.jpg)
ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်ပေါင်း (၁၅၀၀)ကျော် တက်ရောက်ခဲ့သည့် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်ကိုယ်စားပြု တက်ရောက်လာသည့် လူငယ်တစ်ဦးက “ဒါဟာ အနာဂတ်အတွက် ဘာရတ်အိုဘားမား အငယ်စား အယောက်(၁၅၀၀)ကျော်ကို တစုတစည်းတည်း တွေ့ဆုံပေးသလိုပါပဲ”ဟု ချီးကျူးခဲ့သည်။ One Young World လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော မတင်မြတ်ထက်သည် ယခုအခါ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီး သူမ၏ အတွေ့အကြုံများကို အခြားသော မြန်မာလူငယ်များသို့ လက်ဆင့်ကမ်းဝေမျှပေးရန် စိတ်အားထက်သန်လျက်ရှိသည်။