ကမ္ဘာပေါ်တွင် ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီးတစ်ဦးအဖြစ် တင်စားခံရသလို Man Eaterဟူသော နာမည်ပြောင်ပေးခြင်းကိုပါ ခံထားရသည့် မီဂန်ဖောက်စ်က သူမသည် အများထင်သလို ယောက်ျားအများအပြားနှင့် ပတ်သက်ခဲ့ဖူးခြင်း မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ Transformers မင်းသမီးက သူမ၏ ကိုယ်ရေးကိစ္စ အချို့အား ပြောပြခဲ့ရာတွင် သူမသည် အမျိုးသား နှစ်ဦးနှင့်သာ ချစ်တင်းနှီးနှောဖူးကြောင်း ပွင့်ပွင့်လင်းလင်းပင် ၀န်ခံသွားသည်။

လက်ရှိတွဲနေသည့် သူမ၏ချစ်သူ ဘရိုင်ယန် အော်စတင်ဂရင်းအပြင် အခြားသော အမျိုးသား တစ်ဦးနှင့်သာ အချစ်စခန်းဖွင့်ဖူးကြောင်း အသက်(၂၃)နှစ်အရွယ် မင်းသမီးကဆိုသည်။ ဗြိတိန်ထုတ် Harper’s Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် မီဂန်က “ကျွန်မငယ်ဘ၀က အချစ်ဦးရယ်၊ ဘရိုင်ယန်ရယ်ပဲ ကျွန်မကို ပိုင်ဆိုင်ဖူးတာပါ။ ကျွန်မစိတ်ထဲမှာ မချစ်မနှစ်သက်တဲ့ ဘယ်လိုလူမျိုးနဲ့မှ ကျွန်မအတူမရှိနိုင်ပါဘူး။ ဘ၀တစ်ခုလုံး အမျိုးသား နှစ်ယောက်ထဲနဲ့ ပတ်သက်ခဲ့တာပါ”ဟု ပြောကြားသွားသည်။ Emporio Aramani အမှတ်တံဆိပ်၏ ဆွဲဆောင်မှုရှိသော အမျိုးသမီး ကိုယ်ဟန်ပြမယ်အဖြစ် တာဝန်ယူထားသည့် မီဂန်သည် ယခင်ကလည်း ညှို့မင်းသမီးဟု တံဆိပ်တပ်ခံရခြင်းအား ငြီးငွေ့စက်ဆုပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ် အချိုးအဆက်သည် Emporio Aramani အတွင်းခံ အ၀တ်အထည်များနှင့် လိုက်ဖက်မှုမရှိဟု ခံစားရကြောင်းနှင့် ညှို့မင်းသမီးဆိုသော အမြင်ကို ပိုပြီးခိုင်မာလာစေနိုင်ကြောင်း ၀န်ခံပြောကြားသွားသည်။
Source: DailyMail