ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်ရှိ အဓိက စစ်တပ်စခန်းများရှေ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက စုဝေးဆန္ဒပြကြရန် စီစဉ်နေခြင်းကြောင့် စစ်တပ်များ ၀င်ရောက်တပ်စွဲထားရသည်။ မတ်လ(၁၅)ရက်နေ့တွင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်အား ထောက်ခံသူများက စစ်စခန်းများရှေ့တွင် အစိုးရ၏ လွှမ်းမိုးမှုကို ခံထားရသည့် ပါလီမန်အား ဖျက်သိမ်းပေးရန် တောင်းဆိုကြမည်ဟု စည်းရုံးနေကြသည်။
.jpg)
ထို့ကြောင့်လည်း လူတစ်သိန်းခန့် ပါဝင်မည့် ဆန္ဒပြသူများကြောင့် အဓိကရုဏ်းများ ဖြစ်မလာစေရန် ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက စစ်တပ်အင်အား (၅)သောင်းမျှ ဘန်ကောက်မြို့တွင် လုံခြုံရေး ချထားလိုက်သည်။ အထူးသဖြင့် အမှတ်(၁၁) ခြေမြန်တပ်ရင်း စစ်စခန်းရှေ့တွင် စစ်သည်အင်အား ထူထူထပ်ထပ် ချထားလိုက်သည်။ ယင်းစစ်စခန်းသည် မကြာသေးမီက ၀န်ကြီးချုပ် သွားရောက်လည်ပတ်ခဲ့သည့် နေရာလည်းဖြစ်သည်။

မြို့တော်အုပ်ချုပ်ရေး တာဝန်ခံများက ဆန္ဒပြသူများကြောင့် ပိတ်ဆို့မှု အနှောင့်အယှက်များ ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားထားသော်လည်း မျက်မြင်များက မည်သို့သော ယာဉ်ကြောပိတ်ဆို့မှုမျှ မရှိခဲ့ကြောင်း ပြောဆိုထားသည်။ ယခုနှစ်ပိုင်းအတွင်း အကြီးမားဆုံး ဆန္ဒပြမှု တစ်ခုဖြစ်လာသည့်တိုင် ဘန်ကောက်ဆန္ဒပြမှုသည် ငြိမ်းချမ်းပြီး စည်းကမ်းသေ၀ပ်မှု အလွန်ကောင်းကြောင်း သိရသည်။ အဓိက ဆန္ဒပြ စုရုံးမှု ပြုလုပ်ခဲ့သည့် မတ်လ(၁၄)ရက်နေ့က ကုန်းလမ်းမှ ချီတက်လာသူများအပြင် ချော်ပရာဗာ မြစ်အတွင်း လှေဖြင့်ရောက်လာသူများလည်း ရှိခဲ့သည်။
.jpg)
အာဏာရှင်စနစ်ကို ဆန့်ကျင်သော ဒီမိုကရေစီ စစ်မျက်နှာအဖွဲ့က စုစည်းကျင်းပသည့် ဆန္ဒပြမှုများသည် ၀န်ကြီးချုပ်ဟောင်းသက်ဆင် ပိုင်ဆိုင်သော ပစ္စည်းများကို ထိုင်းအစိုးရက သိမ်းပိုက်လိုက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၀န်ကြီးချုပ် အဘီဆစ်ကမူ ၎င်းအနေနှင့် ပါလီမန်ကို ဖျက်သိမ်းရန် အကြောင်းမရှိဟု ပြောဆိုထားသည်။ ဒူဘိုင်းတွင် နေထိုင်လျက်ရှိသော ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကမူ မတ်လ(၁၄)ရက်နေ့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုများအား အလွန်ငြိမ်းချမ်းပြီး စည်းကမ်းသေ၀ပ်ကြောင်း ချီးကျူးခဲ့သလို မိမိအား ထောက်ခံပေးသည့် ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ဗီဒီယိုလိုင်းတစ်ခုမှ ပြောကြားသွားသည်။
Source: AP on GoogleNews