လီဗာပူးလ်၏ အနေအထားနှင့် ပတ်သက်ပြီး စိတ်ကုန်လာပြီဖြစ်ကြောင်း ဖာနန်ဒိုတောရက်စ်က ၀န်ခံခဲ့သည်။ စပိန်လက်ရွေးစင် တိုက်စစ်မှူးက ၎င်းသည် အန်းဖီးလ်အခြေစိုက် ကလပ်အသင်းအား စွန့်ခွာရန် စဉ်းစားနေမိကြောင်း အရိပ်အမြွက် ပြောကြားသွားသည်။ အထူးသဖြင့် ပရီးမီးယားလိဂ် ဆုဖလားနှင့် ဝေးကွာနေသည့်အပြင် ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ထွက်လိုက်ရခြင်း၊ လာမည့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်နေရာအတွက် အသည်းအသန် ရုန်းကန်နေရခြင်းများက ၎င်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရကြောင်း ဥရောပဖလားကို စပိန်အသင်းနှင့်အတူ ဆွတ်ခူးထားနိုင်သည့် ထိပ်တန်းတိုက်စစ်မှူးကဆိုသည်။ ထို့အပြင် လီဗာပူးလ်အနေနှင့် ထိပ်တန်းကစားသမားများ ၀ယ်ယူအားဖြည့်ရန် ပျက်ကွက်နေမှုကိုလည်း တောရက်စ်က အားမရကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော့်အနာဂါတ်ဟာ ဒီအသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေကတော့ ကျွန်တော့်ကို ဆက်ရှိနေစေချင်ပါတယ်။ ပြဿနာက ကလပ်အသင်းက ဘာဆက်လုပ်မလဲ ဆိုတာပါပဲ။ အသင်းရဲ့ လူစာရင်းအတွက် အကောင်းဆုံး ကစားသမားတွေ ၀ယ်မဖြည့်ရင်တော့ ဆုဖလားတွေ ရချင်တဲ့ ကျွန်တော့်အနေနဲ့ သေသေချာချာ ပြန်စဉ်းစားရမှာပါ”ဟု တောရက်စ်က စပိန်သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့အပြင်၎င်းက “လက်ရှိ လီဗာပူးလ်မှာ ရှိနေတဲ့ ကစားသမားတွေထက် ပိုကောင်းတဲ့ ဘောလုံးသမား (၄)ယောက်၊ (၅)ယောက်လောက် ထပ်ဝယ်ဖို့ လိုနေပါပြီ”ဟုလည်း ထောက်ပြခဲ့သည်။ တောရက်စ်သည် အက်သလက်တီကို မက်ဒရစ်မှ ပြောင်းရွှေ့လာပြီးကတည်းက လီဗာပူးလ်အတွက် ဂိုးများသွင်းယူပေးနေပြီး ပရိသတ် အချစ်တော် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသည်။ ယခုနှစ်အတွင်း ပရီးမီးယားလိဂ်တွင် (၁၈)ပွဲကစားပြီး (၁၃)ဂိုး သွင်းပေးထားသော တောရက်စ်သည် ဒဏ်ရာပြဿနာများကြောင့် လီဗာပူးလ်၏ ပွဲစဉ်အချို့အားလည်း လွဲချော်ခဲ့ပြီးဖြစ်သည်။ လီဗာပူးလ်အသင်းသည် မတ်လ(၁၅)ရက်နေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပို့စ်မောက်သ်နှင့် တွေ့ဆုံခဲ့ရာ (၄-၁)ဖြင့် အနိုင်ရခဲ့ကြောင်းလည်း သိရှိရသည်။
Source: TimesOnline