တချို့က ဖြူလွလင်းထိန်နေတဲ့ ထူးထူးဆန်းဆန်း အလင်းတန်းကြီး ပေါ်လာပြီး ငြိမ်းချမ်းတဲ့ အာရုံမျိုး ဖြစ်သွားတယ်လို့ ယူဆကြတယ်။ တချို့ကတော့ စိတ်ဝိဥာဉ်ဟာ ခန္ဓာကိုယ်ရဲ့ အပေါ်မှာ ပေါလောမျောပါသွားတယ်လို့ ပုံဖော်ကြတယ်။ သေခြင်းတရားနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ် ခန့်မှန်းချက်တွေကတော့ အမျိုးမျိုး ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ လူတစ်ယောက်ဟာ သေဆုံးသွားတဲ့ အခိုက်အတန့်မှာ ဦးနှောက်ရဲ့ ပြင်းထန်တဲ့ လှုံ့ဆော်မှုကို ခံရလေ့ရှိတယ်ဆိုတဲ့ သီအိုရီ အသစ်တစ်ခုကို တင်ပြလာကြပါတယ်။ ဆိုးဆိုးရွားရွား နာမကျန်းမှုတွေကြောင့် သေအံ့မူးမူးဖြစ်နေတဲ့ လူမမာ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဦးနှောက်ကို လေ့လာမှု ပြုလုပ်နေတဲ့ သုတေသီတွေက လူတွေဟာ ဦးနှောက်မှာ ခပ်ကြမ်းကြမ်း လျှပ်စစ်စွမ်းအင် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားပြီးမှ အသက်ဆုံးရှုံးသွားကြောင်း တွေ့ရှိလာပါတယ်။ သုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာ လက်ခ်မာချော်လာက “ဦးနှောက်ထဲ အောက်စီဂျင်မရောက်တော့တဲ့အခါ ခုလိုမျိုး ဦးနှောက်ထဲမှာ သဘာဝအလျောက် လျှပ်စစ်စွမ်းအင်တွေ ရုန်းကန်ထကြွလာတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆကြပါတယ်”လို့ ရှင်းပြသွားပါတယ်။ အသက်ဆုံးရှုံးခါနီး အတွေ့အကြုံကို လေ့လာနေတဲ့ ပညာရှင်တွေက သေခါနီးလူတွေရဲ့ အောက်စီဂျင်ဓာတ် ရရှိမှုနိမ့်ကျလာပြီး သွေးစီးဆင်းမှု နှေးကွေးသွားချိန်မှာ ဦးနှောက်ဟာ နောက်ဆုံးတစ်ကြိမ် ပြင်းပြင်းထန်ထန် ရုန်းကြွလာပြီး အသက်ပါသွားတယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်မှာရှိတဲ့ ဂျော့ဂ်ျဝါရှင်တန်တက္ကသိုလ်က ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာချော်လာနဲ့ အဖွဲ့ဟာ နောက်ဆုံးအချိန်ကို စောင့်မျှော်နေရပြီး နာကျင်မှု သက်သာစေတဲ့ ဆေးဝါးတွေ ထိုးသွင်းပေးထားရတဲ့ လူနာ(၇)ယောက်ရဲ့ ဦးနှောက်လှုံ့ဆော်မှုတွေကို သုတေသန ပြုလုပ်ခဲ့တာပါ။ တူညီတဲ့ အဖြေကတော့ လူနာတိုင်းရဲ့ ဦးနှောက်လှုပ်ရှားမှုတွေဟာ မသေခင် တစ်နာရီဝန်းကျင်အလိုမှာ တစထက်တစ လျော့ကျသွားပြီး သွေးပေါင်ကလည်း မသေခင် စက္ကန့်(၃၀)ကနေ (၃)မိနစ်ကြားလောက်မှာ တိုင်းတာလို့မရအောင် ထိုးကျသွားတာ တွေ့ခဲ့ရပါတယ်။

အဲဒီအခါမှာ လူမမာတွေဟာ ထင်ယောင်ထင်မှား ခံစားမှုတွေ၊ ပုံရိပ်တွေကို ပြက်ပြက်ထင်ထင် မြင်ယောင်လာတတ်တယ်လို့လည်း ဆရာဝန်တွေက ဆိုပါတယ်။ ဒေါက်တာချော်လာက သူဟာအဲဒီလို နောက်ဆုံးအချိန်ကနေ ရှားရှားပါးပါး ပြန်လည်ကောင်းမွန် အသက်ရှင်လာသူတွေကိုလည်း တွေ့ဖူးကြောင်း ပြောပြခဲ့ပါတယ်။ “အဲဒီလို လူနာတွေဟာ သူတို့ဘာတွေ မြင်ယောင်ခဲ့တယ်ဆိုတာကို မှတ်မိတတ်ကြပါတယ်။ ပုံရိပ်တွေနဲ့ တခြားအာရုံတွေကို သူတို့ဟာ မမေ့နိုင်ဘဲ ရှိနေတတ်ကြတယ်”လို့ Palliativeဆေးပညာ ဂျာနယ်နဲ့ အင်တာဗျူးမှာ သူက ရေးသားထားပါတယ်။ သုတေသီတွေဟာ သေခါနီးအချိန်မှ တွေ့ကြုံရတာတွေကို လေ့လာမှုပြုခဲ့ပြီးနောက် သွေးထဲမှာပါတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ မြင့်တက်လာခြင်းကြောင့် ခုလိုအာရုံမှားတွေ မြင်ယောင်လာတတ်တာလို့ ယုံကြည်ခဲ့ကြပါတယ်။ သွေးထဲမှာ ကာဘွန်ဒိုင်အောက်ဆိုက် မြင့်တက်လာတာဟာ ခန္ဓာကိုယ်ရဲ့ ဓာတုမျှခြေကို ပျက်စီးသွားစေပြီး ပုံရိပ်တွေနဲ့ အစွဲအလမ်းတွေ ဖြစ်ပေါ်အောင် ဦးနှောက်ကို တွန်းကန်ဖိအားပေးလာတာလို့ ဆိုပါတယ်။ အရင်တုန်းက လေ့လာမှုတွေမှာတော့ နှလုံးဖောက်ပြန်ပြီး သေအံ့မူးမူးဖြစ်နေရာက ပြန်လည်အသက်ရှင်လာသူ (၅)ဦးကို မေးမြန်းထားဖူးတာ တွေ့ရပါတယ်။ သူတို့ရဲ့ အဖြေတွေမှာတော့ ခန္ဓာကိုယ်သတ်သတ်၊ စိတ်ဝိဥာဉ်သတ်သတ် ဖြစ်သွားတာမျိုး၊ မကြုံဖူးလောက်အောင် ကောင်းမွန်ငြိမ်သက်တဲ့ ခံစားမှုတစ်ခု ဖြစ်လာတာမျိုး၊ ဥမင်ကြီးတစ်ခု၊ ဒါမှမဟုတ် အလင်းတန်းကြီး မြင်လိုက်ရတာမျိုး၊ နောက်ပြီးတော့ သေသွားတဲ့ ဆွေမျိုးမိတ်ဆွေတွေကို ပြန်မြင်ရတာမျိုးတွေ ပါဝင်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဆောက်သမ်တန် တက္ကသိုလ်က သုတေသီတွေကလည်း နှလုံးဖောက်ပြန်မှု ကြုံခဲ့တဲ့အချိန်မှာ သူတို့ခံစားခဲ့ရ၊ တွေ့မြင်ခဲ့ရတာတွေကို ပြန်စဉ်းစားပေးဖို့ ရောဂါဖောက်ဖူးသူ နှလုံးဝေဒနာရှင် (၁၅၀၀)ကို မေးမြန်းစစ်တမ်းပြုစုနေပါတယ်။ အင်မတန်ဆန်းကြယ်ပြီး အသိရခက်တဲ့ သေခြင်းတရားနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရသူတွေရဲ့ အမြင်အသိတွေ ကွဲလွဲမှုရှိသလို သိပ္ပံပညာနဲ့ တိတိကျကျ အဖြေထုတ်နိုင်ဖို့ ခက်ခဲပါတယ်လို့လည်း ဒေါက်တာချော်လာက ၀န်ခံသွားခဲ့ပါတယ်။
Source: DailyMail