မိုက်ကယ်ဂျက်ဆင်၏ ဆိုးမွေတစ်ခုကို သားငယ် ပရင့်စ်မိုက်ကယ်အနေနှင့် ဆက်ခံနေရပြီလားဆိုသော မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ ယမန်နှစ်က ကွယ်လွန်ခဲ့သည့် Popဘုရင်ကြီးသည် အသားရောင် အပြောင်းအလဲ ပြုလုပ်မှုများကြောင့် ရှားပါးသော အရေပြားရောဂါတစ်မျိုး ဖြစ်ပွားခဲ့ဖူးသလို ယခုအခါ အသက်(၁၃)နှစ်သာ ရှိသေးသည့် ပရင့်စ်တွင်လည်း အရေပြားတွင် အဖြူကွက်ကြီး ဖြစ်ပေါ်နေသဖြင့် ယခုလို ခန့်မှန်းသတင်းများ ဖြစ်လာရခြင်းဟု သိရသည်။

ယခုသီတင်းပါတ် အစောပိုင်းက ပရင့်စ်သည် ၎င်း၏မောင်နှမများဖြစ်သည့် အသက်(၁၂)နှစ်အရွယ် ပဲရစ်၊ အသက်(၈)နှစ်အရွယ် ပရင့်စ်မိုက်ကယ် (၂)တို့နှင့် ဟာဝိုင်အီတွင် ရေကစားနေစဉ် ရိုက်ကူးခဲ့သော ဓာတ်ပုံများအတွင်း ချိုင်းကြားအရေပြား၌ ပုံမှန်မဟုတ်သော အရောင်များကို ထင်ထင်ရှားရှား တွေ့မြင်ကြရသည်။ Vitiligoခေါ် အရေပြား အရောင်မမှန်သည့် ရောဂါသည် မျက်နှာနှင့် ခန္ဓာကိုယ်တွင် အကွက်များ ဖြစ်ပေါ်စေလေ့ရှိပြီး ယင်းကို မိုက်ကယ်လည်း ခံစားခဲ့ရဖူးရာ မျိုးရိုးလိုက် ကူးစက်ပြီး ပရင့်စ်ထံ ပါလာမည်ကို မိုက်ကယ့်ပရိသတ်များက စိုးရိမ်နေကြသည်။ ပရင့်စ်သည် မိုက်ကယ်၏ သားအရင်းဟုတ်မဟုတ် သံသယဖြစ်နေသူများ ရှိနေသည့်တိုင် ယခုအခါ ၎င်း၏ကိုယ်တွင် တွေ့ရသည့် အရေပြား ယိုယွင်းမှု လက္ခဏာများကမူ တစ်ချိန်က Popဘုရင်ကြီး ခံစားခဲ့ရသည့် ရောဂါနှင့် တစ်ထပ်တည်း ဆင်တူလျက်ရှိသည်။ ပရင့်စ်နှင့် ပဲရစ်တို့ကို မိုက်ကယ့်ဇနီးဟောင်း ဒက်ဘီရိုဝီက (၁၉၉၆)နှင့် (၁၉၉၉)ခုနှစ်များအတွင်း မွေးဖွားခဲ့ပြီး ဘလန့်ကက်ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် ပရင့်စ်မိုက်ကယ် (၂)မှာမူ ဒက်ဘီနှင့် ကွာရှင်းပြီးနောက် အမည်ဖော်ပြခြင်း မရှိသည့် အငှားမိခင် တစ်ဦးက မွေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Source: DailyMail