Guest. It's 12:11 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အောင်ရဲလင်းနှင့်အင်တာဗျူး
အသက်နည်းနည်းကြီးလာရင် ဒါရိုက်တာလုပ်ဖို့ ရည်မှန်းထားပါတယ်။
Posted on Jul 02 10 - 02:17 PM | Hits : 6198
အောင်ရဲလင်းနှင့်အင်တာဗျူး

မော်ဒယ်လိုင်းကနေ မင်းသားဖြစ်လာတဲ့သူတွေထဲမှာ လက်ရှိအောင်မြင်နေတဲ့သူတွေထဲက အောင်ရဲလင်းကို မဟာထွန်းထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားအဖြစ် လူသိများနေပါပြီ။ မင်းသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်း၊ ကိုယ်နေဟန်ထားနဲ့ ရုပ်ရည်တို့ကြောင့် မော်ဒယ်ဘ၀မှာတည်းက ပရိသတ်သတိပြုမှု ရခဲ့သူတစ်ဦးပါ။ ရှေ့မှာထုတ်လုပ်ရေးတစ်ခုနဲ့ မြင့်မိုရ်နာမည်နဲ့ စာချုပ်ချုပ်ရိုက်ကူးခဲ့ပြီး မအောင်မြင်ခဲ့သော်ငြားလည်း ခုတော့ မဟာထွန်းထုတ်လုပ်ရေးနဲ့ လက်တွဲကာ ဇာတ်ကား ၂၇ကားရိုက်ကူးပြီးဖြစ်ပြီး မင်းသားအောင်ရဲလင်းရယ်လို့ အောင်မြင်ပီပြင်လာတဲ့ သူနဲ့တွေ့ဆုံခဲ့သည်များကို တင်ဆက်လိုက်ပါတယ်။

စာချုပ်နဲ့ရိုက်တဲ့ မင်းသားတစ်ဦးအနေနဲ့ စာချုပ်ရဲ့အားသာချက် အားနည်းချက်တွေကို ပြောပြပေးပါ။

ဒီစာချုပ်က အရမ်းချုပ်ထားတဲ့ပုံစံ မဟုတ်ဘူး။ ဒီဗီဒီတို့၊ ကားကြီးတို့လည်း ပေးရိုက်တယ်။ လွတ်လပ်ခွင့်ရှိပါတယ်။ စာချုပ်နဲ့ရိုက်တော့ ကိုယ့်ဈေးကွက်ကို ကုမ္ပဏီက ထိန်းပေးတယ်။ လောလောဆယ် ဈေးကွက်ဘာဖြစ်နေလဲဆိုတာကို ကုမ္ပဏီက အမြဲစောင့်ကြည့်နေတယ်။ ဈေးကွက်မှာ ကြိုက်နေတဲ့ ကားမျိုးကိုရိုက်ပေးတယ်။ စာချုပ်ချုပ်ထားတဲ့အတွက် ကုမ္ပဏီနဲ့ကိုယ်နဲ့ တစ်သားတည်းလို ဖြစ်သွားတာပေါ့။

ကုမ္ပဏီနဲ့ မင်းသားနဲ့ကြားမှာရော ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ထားပါသလဲ။

သူတို့လည်း ကိုယ့်အပေါ်အကောင်းဆုံးဖြစ်အောင် လုပ်ပေးတယ်။ ကိုယ့်ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ သရုပ်ဆောင်တယ်။ အဲဒီယုံကြည်မှုနဲ့ပဲ ခရီးဆက်ပါတယ်။

တစ်လကို တစ်ကားနှုန်းထွက်တဲ့အတွက် အခွေထွက်ဖို့ စောင့်ရတာ ပရိသတ်တွေက စိတ်မရှည်ဘူးလို့ ကြားရတယ်။ တစ်လတစ်ကားထက်ပိုပြီး အဆင်ပြေတဲ့ စနစ်လုပ်ဖို့ရှိလား။

ဆင်ဆာကိစ္စတွေနဲ့ဆိုတော့ ထွက်သင့်သလောက် မထွက်ဘူး ဖြစ်နေတယ်။ မထွက်ရသေးတာက ၁၆ကားလောက်ရှိတယ်။ နောက်ပိုင်းကျရင် ထွက်လာတော့မှာပါ။ ကျွန်တော့်ဘက်ကတော့ ထုတ်ပါထုတ်ပါလို့ ပြောလို့လည်းမရပါဘူး။

ကိုအောင်ရဲလင်းရဲ့ဇာတ်ကားကို မကြည့်ဖူးသေးတဲ့လူတစ်ယောက်က အောင်ရဲလင်းရဲ့ ကားတစ်ကားလောက် ကြည့်ချင်တယ်ဆိုလာရင် ဘယ်ကားကို ရွေးထုတ်ပေးချင်ပါလဲ။

ထွက်ပြီးသမျှ ၁၃ကားမှာ ၁၀ကားလောက်ကြိုက်တယ်။ အဲဒီ ၁၀ကားကို တော်တော်ကောင်းတဲ့အထဲမှာ ပါတယ်လို့ထင်တယ်။ (ရယ်လျက်)။ ရွေးထုတ်ပြရမယ် ဆိုရင်တော့ ဘယ်လိုပုံစံကို ကြည့်ချင်သလဲအပေါ်မှာ မူတည်ပြီး ရွေးပေးမှာပေါ့။

ကိုအောင်ရဲလင်းရဲ့ ဇာတ်ကောင်အများစုမှာ ဖန်စီနဲ့အချစ်တွေ များနေတယ်။ ဇာတ်ရွေးချယ်မှုပုံစံ မပြောင်းချင်ဘူးလား။

ဇာတ်ကောင်ကို မကြည်ဖြူသျှင်ပဲ ရွေးတာများပါတယ်။ သူပေးတဲ့ ဇာတ်ကောင်လေးတွေလည်း ကောင်းပါတယ်။ ကျွန်တော်ကြိုက်တဲ့ ဇာတ်တွေရှိရင်လည်း တင်ပြပါတယ်။ ဇာတ်ကိုတော့ အတတ်နိုင်ဆုံး မျှပြီးတော့ ရိုက်ပါတယ်။

ကိုယ်လုပ်ခဲ့တဲ့ ဇာတ်ကောင်တွေထဲက မှတ်မှတ်ရရဖြစ်တဲ့ ကားတွေရှိရင် သိချင်ပါတယ်။

“မုန်တိုင်း၏ကဗျာ”၊ “မိုးဝသန်ရဲ့ နွေ ဥသြ”၊ “နှုတ်မဆက်တမ်း”၊ “အချစ်ရဲ့မျက်နှာကို တွေ့ဖူးချင်တယ်”၊ “မေတ္တာအသင်္ချေ”၊ “ဘာဘီရုပ်ကလေး” တို့ကိုတော့ ကျွန်တော့်ဘ၀မှာ အမြဲအမှတ်တရ ဖြစ်နေတာပေါ့။

ဘာဘီရုပ်လေးဇာတ်ကားမှာ ကိုအောင်ရဲလင်းရဲ့ဖက်ရှင်တွေကို လူငယ်တွေ တော်တော်ကြိုက်ကြတယ်။ ဖက်ရှင်ဒီဇိုင်းကို ဘယ်သူနဲ့တိုင်ပင်ပြီး ရွေးချယ်လဲ။

အမေနဲ့ မကြည်ဖြူပဲ စီစဉ်တာပါ။ သူတို့စီစဉ်တဲ့အပေါ်မှာ ဘယ်လိုဆို ပိုကောင်းမလဲကို စဉ်းစားပြီး ၀တ်ပါတယ်။ ဦးထုပ်ဆောင်းတယ်။ မျက်မှန်တပ်တယ်။ ဝေ့စ်ကုတ်တွေ ၀တ်တယ်ဆိုတာကလည်း ကျွန်တော့်ကာရိုက်တာတွေထဲမှာ မရှိသေးဘူးဆိုပြီး လုပ်လိုက်တာပါ။

မော်ဒယ်ကနေလာခဲ့တဲ့ ကိုအောင်ရဲလင်းရဲ့ သရုပ်ဆောင်နဲ့မော်ဒယ်ဘ၀ကို ဘယ်လိုခံယူဖြတ်သန်းနေပါသလဲ။

မော်ဒယ်ဘ၀ကို ကျွန်တော်ဘယ်တော့မှ မမေ့ပါဘူး။ ကိုဂျွန်လွင်ဆီ မရောက်ဘူးဆိုရင် ဒီအနုပညာလောကထဲကို ရောက်လာစရာ မရှိပါဘူး။ တိုက်ဆိုင်မှုရှိရင် ပြန်လုပ်ဖြစ်မှာပါ။ ကျွန်တော်မော်ဒယ်ကိုလည်း နှစ်သက်ပြီး သရုပ်ဆောင်အလုပ်ကိုလည်း ၀ါသနာပါတယ်။

စာမျက်နှာပေါ်မှာ အတွေ့ရနည်းတယ်နော်။ ဘာကြောင့်လဲ။

ကျွန်တော်က ပွဲသိပ်မတက်ဖြစ်ဘူး။ မဖြစ်မနေ တက်ရမယ့်ပွဲလောက်ပဲသွားတာ။ နောက်ပိုင်းတော့ ပွဲတွေတက်မှာပါ။ ကားရိုက်နဲ့ တိုက်နေရင်တော့ ကားရိုက်တာကိုပဲ ဦးစားပေးလိုက်တာများတယ်။

အနုပညာရှင်တစ်ယောက် ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲသွားတယ်လို့ ထင်တဲ့အရာက ဘာဖြစ်ပါသလဲ။

အနေအထိုင်၊ အသွားအလာ၊ အပြောအဆို အားလုံးဆင်ခြင်ရတယ်လေ။ အဲဒီအပေါ်တော့ Pressure မထားပါဘူး။ အရမ်းလုပ်ချင်ပြီး အခြေအနေကြောင့် ထိန်းလိုက်ရတာမျိုး ကျွန်တော့်မှာမရှိဘူး။ လုပ်ချင်ရင်လုပ်တာပါပဲ။ ဒါပေမဲ့ ကိုယ်လုပ်တဲ့အရာတစ်ခုက ကိုယ့်ကိုလည်း မထိခိုက်ဘူး။ ကုမ္ပဏီနဲ့မိသားစုကို မထိခိုက်ဘူးဆိုရင်တော့ အဆင်ပြေတာပေါ့။

သရုပ်ဆောင်မှုအပိုင်းမှာ ကိုယ့်မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းက အားသာချက်ရှိတယ်ထင်လဲ။

မျက်လုံးလို့ထင်တယ်။ ဒါပေမဲ့ သူများတွေနဲ့ ယှဉ်ရင်တော့ အများကြီးလိုပါသေးတယ်။

အနုပညာလောကထဲကနေ ဘယ်လိုသင်ခန်းစာတွေ ရခဲ့ပြီလဲ။

ကျွန်တော့်ရဲ့အနုပညာလမ်းအစဟာ ကြမ်းတမ်းပြီး ဘယ်လောက်ခက်ခဲလဲဆိုတာ သိခဲ့ရတယ်။ အရင်က သူများပြောတာဆိုတာတွေလည်း ခံခဲ့ရတယ်။ အဲဒါတွေက အားတွေပဲ။ အရမ်းလွယ်နေရင်လည်း တန်ဖိုးထားချင်မှထားမှာ။ ခက်ခဲမှ ဒီအလုပ်ကတန်ဖိုးရှိတယ်၊ မရှိဘူးဆိုတာ ကိုယ်ပဲသိမှာပါ။

နိုင်ငံခြားရုပ်ရှင်တွေကြည့်လား။

ကိုရီးယားကားတွေ ကြည့်ပါတယ်။ ကိုရီးယားကားတွေက အနုပညာမှာဆို ထိုးဖောက်တယ်လို့ ပြောလို့ရတယ်။ အိုက်တင်တွေက တော်တော်ကောင်းတဲ့အတွက် ကိုရီးယားကို အဓိကအခြေခံထားပြီး ကြည့်တယ်။ မြန်မာကားတွေလည်း ကြည့်ပါတယ်။ Star Movie၊ Animal Planetနဲ့ National Geographic Channel နဲ့ ဘောလုံးပွဲကြည့်တယ်။ ဘောလုံးကန်တာနဲ့ ဘော်ဒီအတွက် ကစားတာ ၀ါသနာပါတယ်။

အနုပညာအလုပ်ထဲမှာ တခြားဘာတွေလုပ်ချင်သေးလဲ။

အသက်နည်းနည်းကြီးလာရင် ဒါရိုက်တာလုပ်ဖို့ ရည်မှန်းထားပါတယ်။

Facebookက အောင်ရဲလင်းနာမည်နဲ့ Fun Pageက အစစ်လား။

Aung Ye Linဆိုတဲ့ Facebook ကအစစ်ပါ။ ကျွန်တော် ထွက်ပြီးသမျှကားတွေကို ပရိသတ်တစ်ယောက်က တစ်ကားချင်းစီ သုံးသပ်ပြထားတာရှိတယ်။ အဲဒါ ကျွန်တော့် Facebook အစစ်။ အတုသုံးလေးခုလောက် မြင်ဖူးတယ်။ ပရိသတ်တွေကို တစ်ခါတလေ စကားပြန်ပြောပါတယ်။ G-Talkကို သိပ်မသုံးဖြစ်ဘူး။ Facebookတော့ တက်ဖြစ်ပါတယ်။

Credit: အေးသူ (7Day News Journal)

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.