Guest. It's 12:11 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
ကွန်ဂိုတွင် ဆီတင်ယာဉ်တိမ်းမှောက် ပေါက်ကွဲမှုကြောင့် လူ၂၀၀ကျော်သေဆုံး
သေဆုံးသူ အချို့တို့မှာ ကားမှောက်ရာမှ ထွက်လာသည့် လောင်စာများကို အလုအယက် ရယူစုဆောင်းရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး အများစုမှာမူ ပေါက်ကွဲသည့်အရှိန်ဖြင့် လွင့်စင်လာသည့် မီးလောင်နေသော အစအနများ အနီးဝန်းကျင် တဲအိမ်များပေါ် ကျရောက်သဖြင့် ကံဆိုးခဲ့ရခြင်းဟုသိရ
Posted on Jul 05 10 - 12:54 PM | Hits : 1350
ကွန်ဂိုတွင် ဆီတင်ယာဉ်တိမ်းမှောက် ပေါက်ကွဲမှုကြောင့် လူ၂၀၀ကျော်သေဆုံး

ကွန်ဂိုနိုင်ငံတွင် ဆီတင် ထရပ်ကားတစ်စင်း တိမ်းမှောက်ပေါက်ကွဲမှုကြောင့် လူ၂၀၀ကျော် သေဆုံးသွားကြောင်း သိရှိရသည်။ အာဖရိက ကမ်းလွန်တွင် ဇူလိုင်လ (၃)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် အဆိုပါ မော်တော်ယာဉ်သည် ကျွမ်းပြန်တိမ်းမှောက်ကာ ပေါက်ကွဲသွားခြင်းဟုဆိုသည်။ ကားကြီးသည် တန်ဇန်းနီးယားမှ ဆီများကို တင်ဆောင်ကာ အရှိန်မြင့်မြင့် မောင်းနှင်လာရင်း ဆန်ဂီကျေးရွာအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။


congo


ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိပုဂ္ဂိုလ် ဒီဆိုင်ရာယူမာက ကယ်ဆယ်ရေး လုပ်သားများသည် အလောင်းများကို ထပ်မံရှာဖွေ ရရှိနေဆဲဖြစ်ပြီး လက်တလော သတ်မှတ်ထားသည့် သေဆုံးသူ (၂၂၀)မျှ ရှိနိုင်သည်ဆိုသော အရေအတွက်ထက် ပိုများလာနိုင်ကြောင်း ၀န်ခံခဲ့သည်။ သေဆုံးသူ အချို့တို့မှာ ကားမှောက်ရာမှ ထွက်လာသည့် လောင်စာများကို အလုအယက် ရယူစုဆောင်းရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး အများစုမှာမူ ပေါက်ကွဲသည့်အရှိန်ဖြင့် လွင့်စင်လာသည့် မီးလောင်နေသော အစအနများ အနီးဝန်းကျင် တဲအိမ်များပေါ် ကျရောက်သဖြင့် ကံဆိုးခဲ့ရခြင်းဟု သိရသည်။ ယခုဖြစ်စဉ်အတွင်း လူပေါင်း(၁၀၀)ကျော်လည်း ဒဏ်ရာများ ရရှိသွားသည်။ ဒဏ်ရာရနေသော လူနာများကို နီးစပ်ရာ ဆေးရုံများသို့ တင်ပို့ရာတွင် ကုလသမဂ္ဂ ရဟတ်ယာဉ်များက အကူအညီပေးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ အများစုသည် ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းခြင်း ခံထားရကြောင်းလည်း သိရသည်။


congo


ကွန်ဂိုရှိ တောင်ပိုင်းကူဗူဒေသ အုပ်ချုပ်ရေးမှူး ဂျင်းကလော့ဒ်ကီဘာလာက “တကယ်ဆိုးတဲ့ မြင်ကွင်းပဲဗျာ။ အလောင်းတွေက ပြန့်ကြဲနေတယ်။ လူတိုင်းကလည်း သွေးပျက်ထိတ်လန့်နေကြတယ်။ ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ ဘယ်သူမှ မငိုကြဘူး။ စကားလည်း မပြောကြဘူး”ဟု ၎င်း၏ အတွေ့အကြုံအား ပြောကြားခဲ့သည်။ ကွန်ဂိုသည် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ပွဲများတွင် ဗျာများနေခဲ့သဖြင့် အလွန်ဆိုးရွားသော လမ်းများကို မပြုပြင်နိုင်ဘဲ ပစ်ထားရသည်။ မျက်မြင်များက ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးပွားများက အနီးအနား အိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်တွင် အိမ်များအတွင်း လူအများစုသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ အာဖရိကတိုက် ကိုယ်စားပြုအဖြစ် တစ်သင်းတည်းသာ တက်ရောက်လာနိုင်သည့် ဂါနာနှင့် တောင်အမေရိကထိပ်သီး ဥရုဂွေးတို့ ယှဉ်ပြိုင်မှုကို စောင့်ကြည့်နေချိန်ဖြစ်သည်။ “ဆီတင်ကားနားကပ်ပြီး ဆီတွေကို ခိုးဖို့ပြင်နေတဲ့လူတချို့လည်း သေကြပါတယ်။ ဒါပေမယ့် အများစုကတော့ ဘောလုံးပွဲကြည့်ရင်း သေသွားကြရတာပါ”ဟု မျက်မြင်တစ်ဦးကဆိုသည်။ အဆိုပါ ဒေသသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ တာဝန်ယူ စောင့်ရှောက်ထားရာ နေရာဖြစ်ပြီး ယခုအခါ ဆီတင်ကား ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

Source: MailOnSunday

PLANET Myanmarမှ သတင်းအချက်အလက်များကို တစ်နည်းနည်းဖြင့် ကူးယူဖော်ပြသုံးစွဲမည်ဆိုပါက Credit ပေးရန်လိုအပ်မည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
No record to display.

o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.