တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့်အပတ်က ဘုရားရှိခိုးကျောင်းတစ်ခုကို ၀င်ရောက်စီးနင်းခဲ့ကြပြီး အရွယ်မရောက်သောကလေးများကို အတင်းအဓမ္မ လက်ထပ်ပေးခဲ့သည့် သက်သေများကို ရှာဖွေခဲ့ကြသည်။ အဆိုပါ ဘုရားရှိခိုးကျောင်းသည် ဧက ၁၇၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံတွင် တည်ရှိပြီး မွန်းမံခြယ်သထားသော ဘုရားကျောင်း၊ ဆရာဝန်ရုံးခန်း၊ ကျောင်းများနှင့် စက်ရုံများပင်တည်ရှိပြီး မြို့ငယ်လေး တစ်ခုသဖွယ်တည်ရှိသည်။ ထိုခြံအထဲတွင် နေထိုင်ရသော မိန်းကလေးများနှင့် အမျိုးသမီးများသည် ၎င်းတို့ကိုယ်တိုင်ချုပ်လုပ် ထားသော ဂါဝန်များနှင့် ကလေးငယ်များ ကို ထိန်းကျောင်းခြင်းဖြင့်သာ အချိန်ကုန်ခဲ့ကြရသည်။ အစွန်းရောက်အဖွဲ့ဝင်ခေါင်းဆောင်ဟု စွပ်စွဲခံထားရသော ခေါင်းဆောင်၏ မိန်းမတစ်ယောက်ဖြစ်သူ ကာရိုလင်ဂျက်ဘော့က “အဲဒီခြံကြီးထဲကို ရှင်တို့ ရောက်သွားရင် ပြန်ထွက်လာနိုင်မှာ မဟုတ်ပါဘူး”ဟု ပြောဆိုသည်။ ပြည်နယ်အစိုးရတာဝန်ရှိသူများက ခြံဝင်းအတွင်းမှ ကလေး ၄၀၁ ယောက်ကို ထိခိုက်နစ်နာမှုများရှိသည့်အတွက် ပြည်နယ်ကတာဝန်ယူသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
အဖွဲ့ဝင်များသည် ကမ္ဘာကြီးပျက်စီးရန် အချိန်နီးကပ်လာယုံကြည်ပြီး ကမ္ဘာကြီး ပျက်ဆီးသွားပါက သူတို့အသစ်မှပြန်စတင်နိုင်လိမ့်မည်ဟု ထင်မြင်နေကြသည်။
အမှုမှာ အသက် ၁၆ နှစ်အရွယ် မိန်း ကလေးတစ်ယောက်က မတရားပြုကျင့်ခံ ရသည်ဟု ရဲတပ်ဖွဲ့ကို ဖုံးဆက်တိုင်ကြားပြီးနောက် အဆိုပါခြံကြီးကို ရဲတပ်ဖွဲ့က သက်သေအထောက်အထားများရရှိရန် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ က အဖွဲ့ခေါင်းဆောင်များကို ရာဇ၀တ်မှုနဲ့ အရေးယူသွားမည်ဟု ပြောကြားထားသည်။