ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ အခြားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ကျောက်ကြီးမြို့နယ် ကွင်းချောင်းကျေးရွာမှ ရန်ကုန်မြို့သို့ထွက်ခွာလာစဉ် ဒိုက်ဦးမြို့နယ်ပိုင်အတွင်း မိုင်တိုင်အမှတ်(၈၅)၊ ကောလိယတံတားအနီး၌ ဇူလိုင်(၁၄)ရက် တနင်္လာနေ့ နံနက်(၈)နာရီခန့်တွင် ပေါက်ကွဲခြင်းဖြစ်သည်။ အဆိုပါခရီးသည်တင်ယာဉ်မှာ ယာဉ်အမှတ် ၅ခ-၃၆၄၄ ရွှေခရီးအမည်ရှိမှန်လုံယာဉ်ဖြစ်ပြီး ကျောက်ကြီး-ရန်ကုန် ခရီးသည်တင်ယာဉ်ဖြစ်သည်။ သေဆုံးသူမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှ ဦခန့်(ခ)ဘီရိုခါနာ(၅၅နှစ်)ဖြစ်ပြီး ဝမ်းဗိုက်ဒဏ်ရာရရှိသူ ဆိပ်ကမ်းမြို့နယ်နေ ဦးပါးပါး(၄၆နှစ်)မှာ ဒိုက်ဦးမြို့နယ်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေရကြောင်း သိရသည်။ မှန်လုံယာဉ်ပေါ်တွင် ခရီးသည်(၃၅)ဦး လိုက်ပါလာခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်(၁)ရက်နေ့တွင်လည်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူအသေအပျောက် မရှိခဲ့ကြောင်း သိရသည်။