Photo Page Review Page Article Page Style Page Poll Page Guide Page Interview Page Fashion Story Planet : Thingyan - 2008
Guest. It's 11:29 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
 
သင်္ကြန်အစားအစာများ

သင်္ကြန်ရောက်ပြီဆိုရင် အိမ်တွေအိမ်တွေကိုယ်စီမှာ ရိုးရာမုန့်လေးတွေမျိုးစုံပြုလုပ်ပြီး နေ့အလိုက်လှူဒါန်းတတ်ကြတာ မြန်မာတွေရဲ့ချစ်စရာ ဓလေ့ပဲဖြစ်ပါတယ်…

ဒီတော့ Planet Users တွေလည်းဒီလိုဓလေ့တွေကို ၀င်ရောက်ဆင်နွှဲချင်ကြမယ်ထင်ပါတယ်..။ အကြိုနေ့မှာ ဘာမုန့်လုပ်ပြီးလှူရင်ကောင်းမလဲ… အကျနေ့မှာကော… ဒီလိုမျိုးလေးတွေစဉ်းစားနေရတဲ့ PLANET ချစ်သူတွေအတွက် သင်္ကြန်အစားအစာလေးတွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သင်္ကြန်ထမင်း တို့ကို ဘယ်လိုပြုလုပ်ရတယ်၊ ဘာတွေလိုအပ်တယ်၊ ဘယ်လိုလုပ်စားလို့ရတယ်ဆိုတာလေးတွေကို ဖော်ပြပေးသွားပါမယ်။

ပထမဆုံးက သင်္ကြန်ဆိုတာနဲ့ မုန့်တစ်ခုကိုပြေးမြင်ကြတယ်… ဘာမုန့်လဲဆိုတော့

မုန့်လုံးရေပေါ်…

မုန့်လုံးရေပေါ်လုပ်ဖို့က - ကောက်ညှင်း ၊ ဆန် ၊ထန်းလျက်နဲ့ အုန်းသီး တို့လိုပါတယ်။ ဥပမာ ကောက်ညှင်းဆန်တစ်ပြည် လောက်ကျွေးချင်တယ်ဆိုပါစို့။ ကောက်ညှင်းဆန်တစ်ပြည်ကို ဆန်လေးလုံးရောပြီး ကြိတ်ရပါတယ်။ ကြိတ်ပြီးသား ကောက်ညှင်းတွေကို သမအောင်နယ်ပြီး ပိတ်ဖြူသန့်သန့်လုံလုံနဲ့ရေစစ်သွားအောင် နှပ်ထားရပါတယ်။အပေါ်က ကျောက်ပြင်လို ခပ်မာမာလေးဖိပေးထားရင် ပိုကောင်းပါတယ်။ ထန်းလျက် (၅၀)သားလောက်ကို သင့်ရုံလေးတွေခွဲထားပြီး အုန်းသီးကတော့ အနည်းဆုံး (၂)လုံးလောက်လိုပါတယ်။ ကောက်ညှင်းရေစစ်သွားပြီ… နပ်လည်းနပ်သွားလောက်ပြီ ဆိုရင်တော့ သင့်တော်ရုံ မုန့်လုံးလေးတွေကို ထန်းလျက်စိတ်လေးများထည့်လုံးထားလို့ရပါပြီ။ အားလုံးပြည့်စုံသွားပြီ ဆိုရင်တော့ ရေနွေးဆူဆူထဲမှာ မုန့်လုံးလေးတွေကို ထည့်ပေးလိုက်ရုံပါပဲ။ မုန့်လေးတွေက ရေပေါ်ပေါ်လာပြီဆိုရင်တော့ အသင့်ခြစ်ပြီးသားအုန်းသီးလေးတွေဖြူးပြီး စားလို့ရပါပြီ။

လိုအပ်သော ပစ္စည်းများ

ကောက်ညှင်း
ဆန်
ထန်းလျက်
အုန်းသီး

ဒုတိယတစ်ခုအနေနဲ့ကတော့


ရွှေရင်အေး ပါ….

ရွှေရင်အေးပြုလုပ်ဖို့ကတော့ အသင့်ပြုလုပ်ထားရမယ့်အရာတွေ ခပ်များများလိုပါတယ်။ သူ့မှာပါဝင်တာကတော့ မုန့်လက်ဆောင်း၊ ကောက်ညှင်းပေါင်း၊ အသင့်ကြိုထားသော ကျောက်ကျော၊ သာကူ၊ မျှော့ချောင်း၊ ပေါင်မုန့်၊ အုန်းသီး ၊သကြားနဲ့ ဆား အနည်းငယ်လိုအပ်ပါတယ်။မုန့်လက်ဆောင်းဖတ် လုပ်ပြီးသားလေးတွေကို လိုသလောက်ဝယ်ယူလိုက်ပါ။ ကောက်ညှင်းတွေကိုတော့ rice cooker အိုးလေးထဲမှာ ပေါင်းထားပါ။သာကူနဲ့ မျှော့ချောင်းလေးတွေကို မျက်စိပျောက်ပြုတ်ပြီး အအေးခံထားပါ။ ကျောက်ကျောကြိုဖို့အတွက်ကတော့ အုန်းသီးတစ်လုံးအရည်ညှစ်ပြီး နို့ဆီဗူးနှစ်လုံးစာ အရည်ယူထားရပါမယ်။ ပြီးရင်တော့ သကြားတစ်ထုပ်ကို သဲစစ်ပြီးအရည်ယူထားရပါမယ်။ သဲစစ်ပြီးသားသကြားရည်ထဲကို ကျောက်ကျောမှုန့်ထည့်မွှေပြီး အုန်းနို့ကိုပါရောမွှေရပါမယ်။ ပစ်ခဲလာပြီဆိုရင်တော့ မီးဖိုမှချပြီး ဗန်းတစ်ခုထဲမှာ အအေးခံထားရုံပါပဲ။နောက်တစ်ခုလိုတာက ပေါင်မုန့်ပေါ့။ ပေါင်မုန့်ကို လိုသလိုလေးလှီးထားလိုက်ပါ။ အဓိက ဂရုပြုရမှာက အုန်းနို့ပါ။ အားလုံးနဲ့ ရောပြီးစားရမယ့် အုန်းနို့လေးက သန့်ပြီး မွှေးမြနေဖို့လိုပါတယ်။ အုန်းသီးကြိတ်တဲ့နေရာက သန့်ဖို့လိုပါတယ်။ အုန်းသီးကို စက်နဲ့ကြိတ်ထားတယ်ဆိုရင်တော့ အုန်းနို့စိမ်းလေးကို ကြိုထားတဲ့သကြားလေးဆမ်းပြီးတော့ စားရုံပါပဲ။ အုန်းခြစ်နဲ့ခြစ်ပြီး လက်နဲ့ညှစ်ပြီးပြုလုပ်မယ့်သူတွေအနေနဲ့တော့ အုန်းနို့လေးကိုကြိုထားလိုက်ရင် ပိုအဆင်ပြေပါတယ်။ ဒါကတော့ ရွှေရင်အေးမှာပါဝင်တဲ့ အရာတွေနဲ့ ပြုလုပ်ပုံလေးပါ။

လိုအပ်သော ပစ္စည်းများ

မုန့်လက်ဆောင်းဖတ်
ကောက်ညှင်းပေါင်း
ကျောက်ကျော
မျှော့ချောင်း
သာကူ
ပေါင်မုန့်
အုန်းနို့
သကြား
ဆားအနည်းငယ်

တတိယတစ်ခုအနေနဲ့တော့ အားလုံးစိတ်ဝင်စားမယ့်

သင်္ကြန်ထမင်း…… ပါပဲ

သင်္ကြန်ထမင်းကို တစ်ချို့က ဖယောင်းချက်လေးတွေထည့်ပြီး သူ့ရနံ့လေးကို နှစ်သက်စွာနဲ့ စားတတ်ကြပါတယ်။ တစ်ချှိုကတော့ ဖယောင်းရနံ့ကို မနှစ်သက်လို့ ဒီတိုင်းစားရတာကို ပိုကြိုက်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သက်ြန်ထမင်းဆိုတာ စားဖူးသူတိုင်းကြိုက်ပြီး မစားဖူးသူတွေတိုင်း စိတ်ဝင်စားတတ်တဲ့ သင်္ကြန်အစားအစာ တစ်မျိုးပဲဖြစ်ပါတယ်။ သင်္ကြန်ထမင်းပြုလုပ်မယ်ဆိုရင်တော့ ခပ်ဖွယ်ဖွယ်ဖြစ်နေတဲ့ ထမင်းရယ်၊ သရက်သီးလေးပေါက်ပြီးကြော်ထားတဲ့ ငါးခြောက်ထောင်းလေးရယ်၊ ရေလေးဆမ်းပြီးစားတဲ့ အစားအစာပဲဖြစ်ပါတယ်။

ခပ်ဖွယ်ဖွယ်ထမင်းဆိုတာက ရိုးရိုးပုံမှန်ချက်ထားသလိုမဟုတ်ပဲ… အဆူခံအောင်ထားပြီး ဇကာစစ်ငှဲ့ထားရတဲ့ ထမင်းမျိုးပါ။ ပြီးရင် ရေတစ်ထပ်လောက်ရောပြီး ဒုတိယအကြိမ်ငှဲ့လိုက်မယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ ငါးခြောက်ထောင်းကြော်ကတော့ နှစ်သက်ရာငါးခြောက်လေးတွေကို ရေစင်စင်ဆေးပြီး ၁၀ မိနစ်လောက်စစ်ထား။ ပြီးရင်တော့ ထောင်းထားလို့ရပါတယ်။ ကြက်သွန်နီလေးတွေကို ၄ခြမ်းစီခြမ်းထားပြီး ၊သရက်သီးလေးတွေကို သင့်တော်ရုံပေါက်ထားလိုက်ပါ။ ပြီးရင်တော့ ထောင်းထားတဲ့ ငါးခြောက်နဲ့ သရက်သီးလေးတွေကို သပ်ထားတဲ့ဆီထဲမှာ နပ်နေအောင် နှပ်ထားလိုက်ပါ။ နှစ်ခုလုံးနူးပြီးနပ်သွားပြီဆိုရင်တော့ ကြက်သွန်ခွဲခြမ်းလေးထည့်ပြီး မွှေထားလိုက်ပါ။ အားလုံးနူးအိသွားပြီဆိုရင်တော့ အိုးချခါနီးလေးမှာ ငရုတ်သီးအလှော်တောင့်လေးတွေကို ရောပြီးထည့်လိုက်ပါ။ အားလုံးပြီးရင်တော့ ရေဆမ်းထားတဲ့ထမင်းဖြူဖြူလေးတွေထဲမှာ ငါးခြောက်ထောင်းလေးထည့်ပြီး ၊ ဖယောင်းချက်ပါရုံလေးထည့်လိုက်ရင် ဖယောင်းနံ့သင်းသင်း ငရုတ်နံ့သင်းသင်းနဲ့ သင်္ကြန်ထမင်းကို အဆင့်သင့်ခင်းစားရုံ ရပြီဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ

ဆန်
ငါးခြောက်
သရက်သီး
ကြက်သွန်နီ
ငရုတ်သီးအလှော်တောင့်
ဖယောင်း

PLANET ချစ်သူများ သင်္ကြန်ကာလမှာ လှူလည်းလှူ စားလည်းစား ပျော်ရွှင်စွာ နွှဲပျော်နိုင်ကြပါစေ….
 
   
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.