ယခုနှစ်သင်္ကြန် Alpineမဏ္ဍပ် ပါဝင်ဆင်နွှဲမည်မဟုတ်
မြန်မာ့ရိုးရာ အတာသင်္ကြန်တွင် ငါးနှစ်ဆက်တိုက် မဏ္ဍပ်ဆောက်လုပ် ဆင်နွှဲခဲ့သည့် လွယ်ဟိန်းကုမ္ပဏီ၏ အယ်လ်ပိုင်း(Alpine)မဏ္ဍပ်သည် ယခုနှစ်တွင် ပါဝင်ဆင်နွှဲမည် မဟုတ်ကြောင်း သိရသည်။ အယ်လ်ပိုင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သင်္ကြန်မဏ္ဍပ် စီစဉ်ဆောင်ရွက်ရခြင်းမှာ ပင်ပန်းလွန်း၍ဖြစ်ကြောင်း အပတ်စဉ်ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြသည်။ သင်္ကြန်တွင်း မဏ္ဍပ်တစ်ခု စီစဉ်ရန်အတွက် ခွင့်ပြုမိန့်လျှောက်ရခြင်း၊ မဏ္ဍပ်တည်ဆောက်ရခြင်း၊ လုံခြုံရေး၊ အစားအသောက် စသဖြင့် ပြင်ဆင်ရကာ အလုပ်များပြီး ပင်ပန်းသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။ ထို့အပြင် သင်္ကြန်မဏ္ဍပ် တစ်ခုအတွက် ကုန်ကျစရိတ်မှာ တစ်နှစ်စာ တီဗီကြော်ငြာစရိတ်ဖြင့် ညီမျှကြောင်းလည်း သိရသည်။ နာမည်ရ အဆိုတော်တစ်ဦးအား သင်္ကြန်လေးရက်စာ ငှားရမ်းမည်ဆိုပါက ကျပ်သိန်း(၁၈၀)ခန့် ပေးရလေ့ရှိပြီး မဏ္ဍပ်တည်ဆောက်ခြင်း အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀၀၀)မှ (၄၀၀၀)ခန့်အထိ ကုန်ကျနိုင်ကြောင်း မော်ဒန်ဂျာနယ်တွင် ဖော်ပြထားသည်။
Source: The Modern Weekly (No. 155)