၂၀၀၉ စင်ကာပူ သင်္ကြန်
Yay! သင်္ကြန်တဲ့ဟေး..!
သင်္ကြန်ကို အမျိုးစုံနွှဲဖူးပါတယ်.. မဏ္ဍာပ်ထိုင်တာ၊ ကားနဲ့လည်တာ၊ တရားစခန်းဝင်တာ၊ အိမ်တွင်းအောင်းတာ၊ တစ်နှစ်တစ်မျိုး မရိုးရအောင် တောမှာလည်း နွှဲဖူး၊ မြို့မှာလည်း နွှဲဖူးပါရဲ့။ ဟော .. ဒီနှစ်မလည်း အသစ်တမျိုး မရိုးရတာက စင်ကာပူ သင်္ကြန်တဲ့။
ထင်တော့ထင်တယ်.. တော်တော်တော့ စည်လိမ့်မယ်လို့။ တကယ်တမ်းက ထင်ထားတာထက် ပိုစည်တယ်။ မနက်ပိုင်း တိုပါးယိုး (Toa Payoh) ဘုန်းကြီးကျောင်းမှာလည်း ကျိတ်ကျိတ်ကိုတိုးလို့.. စတုဒီသာမဏ္ဍာပ်တွေရှေ့ ပြည့်ခဲပြီးတိုးနေတာများ အင်းလျားလမ်းကိုတောင် သတိရမိသေးတော့။ ရေတွေမစိုတာလေး တစ်ခုပဲ။
အဲဒီတစ်နေ့ကတော့ လမ်းပေါ်မှာ ကားပေါ်မှာ မြန်မာတွေ စုရပ်ရှိတဲ့ လမ်းကြောင်းတွေမှာ မြန်မာတွေချည်းပဲ ဆိုပါတော့။ သင်္ကြန်ဆိုတဲ့အားလပ်ရက် ဒီမှာမရှိတော့ သင်္ကြန်နဲ့ အနီးဆုံး တနင်္ဂနွေမှာ မြန်မာတွေစုပြီး ပွဲတော်နွှဲပျော်လေ့ ရှိကြတယ်လေ။ ဒီနှစ်အတွက်တော့ ဧပြီလ ၁၂ ရက်နေ့ပေါ့။ ယူးနို့စ် (Eunos) က ဘုန်းကြီးကျောင်းမှာလည်း စတုဒီသာအလှူ ရှိတယ်၊ ဆမ်ဘမ်ဝမ် (Sembanwang) က ဘုန်းကြီးကျောင်းမှာလည်း စတုဒီသာအလှူရှိတယ်။ ဖြစ်နိုင်ရင် နေရာစုံအောင် သွားချင်ပေမယ့် အခြေအနေကမပေး။ စီးတီးဟောလ် (City Hall) နားက မြက်ခင်းပြင်မှာ လုပ်တဲ့ပွဲကတော့ အများစုရဲ့ ပန်းတိုင်ပေါ့။ ကိုယ်စီကိုယ်စီ ဘုန်းကြီးကျောင်းတွေမှာ ကောင်းမှုလုပ်ကြ စားကြသောက်ကြပြီး စီးတီးဟောလ်ဘက်ကို အလျှိုလျှို ချီတက်ကြတယ်။ မြန်မာ အဆိုတော်တွေဖျော်ဖြေမယ့်ပွဲအတွက် လက်မှတ် တစ်စောင်ကို ၁၅ ဒေါ်လာနဲ့ ကြိုတင်ရောင်းချနေခဲ့တာ ကြာပြီ။ တချို့က ၁၅ ဒေါ်လာကို တန်တယ်ထင်ပြီး တချို့ကလည်း ဈေးကြီးတယ်လို့ ထင်ကြတယ်။ အော်ကွယ်.. တစ်နှစ်မှ တစ်ခါ.. ဒီနှစ်က တကယ်ကိုစည်မှာ..လို့…။ အဲဒီလို ပရိသတ်ချင်း မဲဆွယ်စည်းရုံးခဲ့ကြတာတွေလည်း မနည်းဘူးထင်ပါ့။
ပွဲကိုရောက်သွားတော့ နေ့လည် ၁ နာရီလောက် ရှိနေပြီ။ MRT က ထွက်ကတည်းက အသံတွေ ကြားနေရပြီ။ ကွင်းနား မလှမ်းမကမ်းကို ရောက်လာတော့ ဆိုနေတဲ့သီချင်းသံတွေကို သေချာကြားရပြီ… “ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလည်ထဲမှာ.. စိန်ပန်းတွေလည်း ပွင့်နေပြီကွာ..”.. အိုး.. ကျွန်မတို့အားလုံး ခုန်ပေါက်ပြေးလွှားသွားမိကြတယ်.. သီချင်းကိုလည်း အော်ဟစ်လိုက်ဆိုလို့။ သိပ်ရင်းနှီးဖူးတဲ့အရာတွေကို ပြန်ထိတွေ့ရတဲ့ ခံစားချက်က အဲဒီလိုမျိုး… တမျိုးတော့တမျိုး။
ကဲ.. တွေ့ပါပြီ.. လက်မှတ်ဖြတ်ဖို့ တန်းစီတဲ့နေရာကစပြီးတော့ မြက်ခင်းပြင်က ဗွက်ထနေလိုက်တာ.. မိုးတွေကလည်း ရွာထားတာကိုး။ မတတ်နိုင်ဘူး .. ဒီလိုပဲ နင်းကြ၊ ဖြတ်ကြ၊ ပေရေကြ။ ဆောင်းဦးလှိုင်ရဲ့ သီချင်းတွေ ဆက်ကြားနေရတယ်။ ကွင်းထဲကို ရောက်သွားတော့ ဟိုက်ခနဲ.. စင်ရှေ့ကို သွားလို့မဖြစ်နိုင်တော့ဘူး အရမ်းကို လူပြည့်ပြီး ကျိတ်ကျိတ်တိုးနေပြီကော..။ အတော်နောက်နားကျကျ တစ်နေရာကနေ လှမ်းမျှော်ကြည့်တော့လည်း စင်ပေါ်ကို ဘာမှမမြင်ရဘူး။ ဒါပေမယ့် မတတ်နိုင်တော့ဘူး.. ဒီလိုပဲ ခပ်လှမ်းလှမ်းက ခြေဖျားထောက်ကြည့်ရတာပါပဲ။ သတိရမိတဲ့ သူငယ်ချင်းတွေကိုလည်း ဖုန်းလှမ်းဆက်.. ရှိနေကြရင် တွေ့ရအောင်လို့လေ။ ကိုယ့်လူတွေစု၊ သူ့လူတွေစုနဲ့ ပျော်စရာတော့ကောင်းပါတယ်။ ကွင်းထဲမှာ လှည့်ပတ်သွားရင်းလာရင်း အသိတွေ ပြန်တွေ့ကြတာ မနည်းဘူး။ အသိတွေရဲ့ အသိတွေနဲ့ တခါ မိတ်ဆွေပြန်ဖွဲ့ကြ.. သင်္ကြန်ရဲ့ ခံစားမှုက လူတွေကို ပျော်ရွှင်မှုပေးနေတော့လည်း ရင်းနှီးဖော်ရွေဖို့ လွယ်ကူနေပြန်ရောလေ။
သင်္ကြန်မင်းသားကြီး ဦးဇော်ဝမ်းလည်း ဒီပွဲကို အားပါးတရ လာနွှဲခဲ့သလို စည်သူလွင်၊ မျိုးကျော့မြိုင်၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်းတို့ သီချင်းတွေဆိုကြတယ်..။ သင်္ကြန်အကအလှ ဖျော်ဖြေတာတွေလည်း ပါတယ်။ မြန်မာမလေးတွေ ကကြသလို ဗီယက်နမ်မလေးတွေလည်း ကကြသေးရဲ့။ အားလုံးရနေကြတဲ့ သင်္ကြန်သီချင်းတွေမှာ တို့လူများတွေလည်း တချိန်တည်း တပြိုင်တည်း တညီတညွတ်တည်း ပျော်ရွှင်ဆိုညည်းလို့… ၀ါသနာပါသူတွေ ခြေချိုးလက်ချိုး က,ကြ။
ရေကစားမဏ္ဍာပ်လေး တစ်ခုနှစ်ခု ရှိနေရင် ပိုပြီးပျော်စရာ ကောင်းသွားမှာ အမှန်ပါပဲ။ မြန်မာတွေက သင်္ကြန်နွှဲဖို့ လာပေမယ့် အခုပွဲက တကယ်တမ်းမှာ စတိတ်ရှိုးတခုပုံစံမျိုးပဲ စီစဉ်ထားတာ တွေ့ရတယ်။ ရေကစားလိုသူတွေအတွက် ရေရနိုင်မယ့် ကန်လေးတွေတော့ ချထားပေးတယ်။ တချို့က ရေသန့်ဘူးလေးတွေနဲ့ တစ်ယောက်ကို နည်းနည်း စိုရုံလေး လောင်းကြတယ်။ လူတွေကတော့ ရေစိုနေကြပါတယ်.. ရွှဲရွှဲမစိုခဲ့တာတစ်ခုပေါ့။ နောက်နှစ်တွေဆိုရင်တော့ သင်္ကြန်ပွဲတော်ကို ဘယ်လိုလုပ်မယ်ဆိုတာ အိုင်ဒီယာတွေ ရသွားကြမှာပါ။ လူအရမ်းများတယ်.. ကိုယ့်အချင်းချင်းတောင် အံ့သြယူကြရတယ်.. အော.. တို့လူတွေ ဒီလောက်တောင် များနေပြီကိုး..ဆိုပြီးတော့။
စင်ရှေ့ကို အရမ်းတိုးကြလို့ နောက်ဆုတ်ကြဖို့ presenter တွေရော.. အဆိုတော်တွေရော တောင်းတောင်းပန်ပန် ချော့ပြောကြရသေးတယ်။ အော်.. မြန်မာပြည်မဟုတ်ပေမယ့် မြန်မာပြည်မှာ ကဲကြရသလို ကဲဖို့ ကြိုးစားကြတာပေါ့လေ။ ပွဲကို စပွန်ဆာလုပ်သူတွေလည်း မနည်းပါဘူး။ M1 ပါတယ်.. MAI ပါတယ်.. တခြား ခရီးသွားကုမ္ပဏီတွေပါတယ်..။ မြန်မာဖောက်သည်တွေ အတော်ကိုအားပေးကြတဲ့ M1 ရဲ့ 1818 ကဒ်တွေ တော်တော်ရောင်းကောင်းသွားပုံပါပဲ။
ကံစမ်းမဲပေါက်သူတွေ ပျော်ကြတယ်။ ပွဲက ၆ နာရီမှာသိမ်းမယ်လို့ ပြောတယ်.. ၅ နာရီခွဲလောက်မှာ တချို့စပြီး ပြန်ကြပြီ။ နောက်နေ့ တနင်္လာ ရုံးမတက်ချင်လို့ ဆေးခွင့်(MC) ယူဖို့ စိတ်ကူးကြသူတွေ ဘယ်နှစ်ယောက်ရှိမလဲ မပြောတတ်။ ကျွန်မတို့တွေလည်း ခြေထောက်တစ်ခုလုံး ပေပွနေတဲ့ ရွှံ့ဗွက်တွေကို နိုင်သလောက်ဆေးကြောပြီးတော့ ဖြူဖြူကျော်သိန်းပွဲကောင်းနေစဉ်မှာပဲ ပွဲတော်ကို ကျောခိုင်းခဲ့ကြပါတယ်။
၁၅ ကျပ် မတန်ဘူးလို့ ပြောလည်း မမှားဘူး၊ တန်တယ်လို့ ပြောလည်း မမှားဘူး။ အပြင်အဆင် အခင်းအကျင်းက မျှော်လင့်ထားသလောက်ကြီး အဆင်မပြေခဲ့ပေမယ့် အဓိက ကိုယ့်လူတွေ ဆုံကြရတဲ့ အခွင့်အရေးက ရတောင့်ရခဲ အခိုက်အတန့်ဆိုပါတော့။ နောက်နှစ်တွေမှာ စင်ကာပူသင်္ကြန် ပိုစည်ကားမယ်လို့ မျှော်လင့်တယ်။ မြန်မာပြည်မှာလို ရေတွေတဖွားဖွားနဲ့ အကြီးအကျယ် လောင်းကြပက်ကြရရင် အတိုင်းထက်အလွန်ပေါ့ရှင်။ မျှော်လင့်ချက်တွေကလည်း အတောကိုမသတ်နိုင်တော့ဘူး။ ရောက်တဲ့နေရာမှာ ရှိတာလေးနဲ့ ပျော်သလိုနေတတ်ဖို့လည်း အရေးကြီးသေးတာပဲနော်။ မြန်မာတွေ များလာတော့လည်း အခုလိုနေ့ကလေးက ကိုယ့်ပြည်မှာကိုယ် ပျော်ရသလိုမျိုး စိတ်ထဲ သက်တောင့်သက်သာ ရှိလှတယ် ပြောရမှာပါပဲ။ နောက်နှစ်တွေကို မျှော်နေပါဦးမယ်။ နေရာအနှံအပြားက တို့မြန်မာအားလုံး သင်္ကြန်မှာ ပျော်ရွှင်ကြပါစေ.. နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်တောင်းလိုက်ရပါတယ်။