မင်္ဂလာဆောင်မယ့် သတို့သမီးလေးတွေရဲ့ အလှလျို့ဝှက်ချက်ကို ဖော်ထုတ်ပါမယ်။ သတို့သမီးလောင်းလျာလေးတွေ အတွက် အစားအသောက်အနေအထိုင်ကိုတော့ ကျန်းမာရေးဆောင်းပါးမှာ ပြောပြပြီးပါပြီ။ ဒီတစ်ခါတော့ ပြင်ဆင်ချယ်သမှု လေးတွေကို ရေးပြချင်ပါတယ်။ မင်္ဂလာပွဲပြုလုပ်ချိန်ကတော့ ၂နာရီနဲ့ ၃ နာရီကြားမှာရှိပါတယ်။ ဟိုးအရင်ခေတ်တွေကတော့ သတို့သမီးကို သူများနဲ့ မတူအောင် ထူးထူးခြားခြားပြင်ဆင်ပေးတတ်ပါတယ်။ သာမာန်လူနဲ့ ကွဲနေတာမှန်ပေမယ့် မိတ်ကပ်ထူထူနဲ့ အရောင်ရင့်ရင့်တွေကို သုံးတတ်တော့ အချိန်ကြာလာတာနဲ့အမျှ အနေရခက်တဲ့ ဝေဒနာကို သတို့သမီးလေးတိုင်း ခံစားရတတ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ မိတ်ကပ်ပညာတွင်ကျယ်လာတာရယ် ပြင်ဆင်မှုခေတ်မှီလာတာတွေကြောင့် ထူးထူးခြားခြားပြင်ဆင်မှုထက် သာမန်အတိုင်းကိုထူးကဲအောင် ပြင်ဆင်တတ်လာ ကြပါတယ်။
မိတ်ကပ်ပြင်ဆင်မှုက အ၀တ်အစားအရောင်ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ သတို့သမီးလေးတွေရဲ့ ရွေးချယ်ထားတဲ့ ၀တ်စုံပေါ်မူတည်ပြီး အများဆုံးပြင်ဆင်ကြတယ်လို့ မိတ်ကပ်ပညာရှင်တွေကဆိုပါတယ်။ ပွဲချိန်မှာ ကြာရှည်ခံနိုင်ဖို့အတွက် Brand ကောင်းတဲ့အမျိုးအစားတွေကို အသားအရည်နဲ့လိုက်ဖက်အောင်သုံးကြပြီး မင်္ဂလာပွဲရက်မတိုင်မီတစ်ရက်မှာ မျက်နှာကိုကြိုတင်ပေါင်းတင်ထားနိုင်ရင်တော့ ပိုကောင်းတယ်လို့ သိရပါတယ်။ နူးညံ့တဲ့မျက်နှာလေးတွေကို ခပ်ဖျော့ဖျော့နဲ့ တာရှည်ခံအောင် Foundation ကောင်းကောင်းခံပြီး လိမ်းချယ်ရပါတယ်။
များသောအားဖြင့် မြန်မာအမျိုးသမီးလေးတွေက ရွှေဝါရောင်၊ နံသာရောင် ၊ ပန်းရောင်၊ အဖြူရောင်တို့ကို ရွေးချယ်ဝတ်ဆင်သောကြောင့် မိတ်ကပ်လိမ်းခြယ်ရာမှာလဲ ထိုသို့သော အရောင်များအတိုင်းလိုက်ဖက်အောင် လိမ်းခြယ်ကြပါတယ်။ ဒီဘက်နောက်ပိုင်းခေတ်တွေမှာတော့ နီညိုရောင်၊ ခရမ်းရင့်ရောင်၊ အစိမ်းရောင် ၊ စိမ်းပြာရောင် ကဲ့သို့သော ထူးထူးခြားခြား ပေါ်လွင်မယ့် အရောင်ခပ်ရင့်ရင့်တွေ ကို ၀တ်ဆင်လာကြတာကို တွေ့ရပါတယ်။
မျက်နှာပြင်ဆင်မှု ပြီးပြီဆိုရင်တော့ လိုက်ဖက်တဲ့ ဆံထုံးကလည်း အရေးကြီးတဲ့ အပိုင်းမှာပါဝင်ပါတယ်။ မြန်မာဝတ်စုံ နဲ့ အနောက်တိုင်းဝတ်စုံတွေကတော့ သတို့သမီးလောင်းလေးတွေ ရွေးချယ်မှုအများဆုံးပါပဲ။ မြန်မာဝတ်စုံလေးတွေ ဆင်မြန်းပြီး လက်ထပ်မင်္ဂလာကျင်းပမယ့်သူတွေ အတွက်ကတော့ ဆံမြိတ်ချဆံထုံး၊ ပန်းဆံမြိတ်ချဆံထုံး။ အပုံ့ဆံထုံး၊ ဘီးဆံထုံး။ ဘီးဆံထုံးဆံမြိတ်ချ၊ ဒေ၀ီရစ်(စုဖုရား လတ်ဆံထုံး)ဆိုပြီး မြန်မာဆံထုံးများစွာထဲက မျက်နှာအနေအထားနဲ့ လိုက်ဖက်စွာ ဆင်ယင်ထုံးဖွဲ့တတ်ကြပါတယ်။
အနောက်တိုင်းဝတ်စုံဆိုရင်လည်း ၀တ်စုံကို လိုက်ပြီးတော့ ခေတ်မှီမှီလေးထုံးလို့ရပါတယ်။ အနောက်တိုင်းဆံထုံးတွေကတော့ ရိုးရှင်းလွယ်ကူပြီး သက်တောင့်သက်သာ ရှိတဲ့ဆံထုံးတွေများပါတယ်။ များသောအားဖြင့် ပြင်သစ်ဆံထုံးကဲ့သို့ ရှင်းလင်းလှပပြီး လည်တိုင်အလှပေါ်လွင်မယ့် ဆံထုံးမျိုးကို ရွေးချယ်ဆင်မြန်းလေ့ရှိပါတယ်။ ငယ်ရွယ်နုပျိုတဲ့ သတို့သမီးလေးတွေအတွက်ကတော့ ကလေးဆန်ပြီး လှပတဲ့ ဆံရစ်ခွေထုံးဖွဲ့မှုလေးတွေ ၊ ရိုးရှင်းစွာ ချထားပြီး သရဖူဆောင်းခြင်း၊ ပန်းခွေလေးများတင်ထားခြင်း စသည်တို့ကိုလည်း ရွေးချယ်လေ့ရှိပါတယ်။ ဒီတော့ မရိုးမဆန်းလေးနဲ့ ခေတ်မီလှပတဲ့ အလတ်ဆတ်ဆုံး သတို့သမီးလေးတစ်ယောက်ဖြစ်ဖို့ ဘာတွေရွေးချယ်သင့်တယ်ဆိုတာအားလုံးပဲ သိလောက်ပါရဲ့နော်…။