အချစ်၌ ဘာမှမလိုအပ်ခဲ့ပါ...
Posted on Nov 07 08 - 12:00 AM | Hits : 1139
အင်း... ကသုတ်ကရုတ်ဖြစ်ခဲ့သော အဖြစ်ပျက်များစွာထဲတွင် ကျွန်တော့်အဖြစ်လောက် ကသုတ်ကရုတ်နိုင်သော အဖြစ်အပျက်ဟူ၍ မရှိဘူးဆိုလို့ရနိုင်သည်..
ချစ်သူနှင့် အစီစဉ်မရှိ ယူဖြစ်ခဲ့သော အကြောင်းရင်းများဖြစ်သည်... အချိန်တိုင်းပြန်တွေးမိလျှင် .. အချိန်တိုင်း ပြန်ရင်ခုန်မိသော အဖြစ်များဖြစ်သည်...
ထိုညနေဆည်းဆာသည်.. သာယာလှပအသက်ဝင်ခဲ့... အနာဂတ်များစွာ၏ နိဒါန်းများသည်... နိဂုံးမလိုအပ်ခဲ့... ချစ်သူသည်... ကျွန်တော်မျက်ဝန်းထဲတွင် ဖျက်မရခဲ့သော အလွမ်းအိမ်မက်... ညနေခင်း၏ သမီးပျို.... ကျွန်တော့ရင်ဘတ်ထဲတွင် ၀င်ရောက်လည်ပတ်သော ရောင်နီက လင်းတစ်လှည့် မှောင်တစ်လှည့်... ဒီလိုနဲ့ ကျွန်တော်တို့ စတင်ခဲ့ပါသည်...
အဖြစ်အပျက် (၁) ~~~~ ၁၉၉၅ ဧပြီလ (၁)
"ဘယ်ကိုသွားကြရင်ကောင်းမလဲ... ကို" ဟုအမေးအဆုံးတွင်... ကျွန်တော်က မိဘသဘောမတူပါပဲ... ဘာသာတရားမတူညီပါ့ပဲ... အားလုံးနဲ့ ဆန့်ကျင်တိုက်ခိုက်ကာ ကျွန်တော့်အား ချစ်နေခဲ့သော ချစ်သူကလေးကို အလိုလိုနားလည်မိစွာ.. လူရှင်းသော နေရာတစ်ခုကိုသာလျှင် ရွေးချယ်ပေးခဲ့သည်။ "ဗိုလ်တထောင်ဘက်သွားကြမယ်ကွာ... အဲဘက်ဆို အိမ်နဲ့လည်း လှမ်းတယ်.. လူလည်းရှင်းတယ် ..မေလေး အတွက် အဆင်ပြေမှာပါ။"
ကျွန်တော်၏ ရိုးသားသန့်စင်သော ရွေးချယ်မှုတစ်ခုသည်... ဘ၀တစ်ခု၏ အနာဂတ်ဟု ထင်နိုင်စရာမရှိပါ... သူမသည်လည်း လုံးဝထင်မှတ်ထားသည့်အရာမဟုတ်ပါ... သို့သော် ထိုနေ့သည် အမှန်တကယ်ပင် ဘ၀တစ်ခု၏ အစဖြစ်ခဲ့ပါသည်...
အဖြစ်အပျက် (၂) ~~~~ ၁၉၉၅ ဧပြီလ (၁)
အေးဆေးသက်သာစွာ တစ်ယောက်လက်တစ်ယောက်ကိုင်၍ ကျွန်တော်တို့ လမ်းလျှောက်နေခဲ့သည်... ဘ၀အတွက် အမောဆိုတာ မရှိခဲ့... အနာဂတ်အတွက်စိတ်ကူးယဉ်မှုဆိုတာမရှိခဲ့... ထိုအချိန်တွင် တစ်ယောက်လက် တစ်ယောက်ကိုင်ကာ လမ်းလျှောက်ရသော နွေးထွေးချိုမြိန်မှုထက် ဘယ်အရာကိုမှလည်း ပိုမလိုချင်ခဲ့... ဘယ်အရာကိုမှလည်းစိတ်ကူးမယဉ်ခဲ့... ဘယ်အရာကိုမှလည်း မပိုင်ဆိုင်ချင်ခဲ့... ဒီလိုနှင့် လွတ်ထွက်သွားမှာ မစိုးရိမ်မိသော လက်ကလေးကိုသာလျှင် ပိုမိုခိုင်မြဲချင်ခဲ့သည်.... "လက်ဖက်သုပ်စားချင်တယ်.. ကို .." မေလေးစားချင်စားလေ...ကျွန်တော်သည် သူမ၏ အပန်းမကြီးသော လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် အချိန်တစ်ခုကို ရွေးချယ်သူမဟုတ်ခဲ့ပါ...
ရိုးရှင်းစွာ တိတ်ဆိတ်နေခဲ့သော ခြောက်ကပ်ကပ် လက်ဖက်သုပ်ဆိုင်လေးသည် ချစ်သူကလေးကြောင့် ရင်ခုန်မှုများစွာကို မွေးဖွားပေးနေခဲ့သည်.. ကလေးတစ်ယောက်ကဲ့သို့.. လက်ဖက်သုပ်စားနေခဲ့သော ကောင်မလေးကိုကြည့်၍ ရေနွေူးကြမ်း ငှဲ့ပေးရုံမှတပါး.. ဘယ်အရာကိုမှ ကျွန်တော်မတွေးမိခဲ့ပါ.. သို့သော် ထိုညနေသည်...
အဖြစ်အပျက် (၃) ~~~~ ၁၉၉၅ ဧပြီလ (၁)
ပါးစပ်ထဲသို့ ကမ်းနေသော သူမ၏ လက်ချောင်းလေးများ အရပ်.... မျက်လုံးအ၀ိုင်းသားနှင့် ခပ်ဟဟ နှုတ်ခမ်းအမူအရာတို့ကြောင့် ကျွန်တော်၏ မျက်လုံးများသည်... နေရာတစ်ခုသို့ တိုင်ပင်စရာမလိုအပ်ပဲရောက်ရှိသွားခဲ့သည်...
ရုတ်တရက်... ရုတ်တရက်... ဘာကိုမှမတွေးနိုင်ခဲ့... ကျွန်တော် လက်အစုံသည်... ချစ်သူအားခေါ်ယူလိုက်သည်...
သူမသည် ကြိုတင်တွေးထားစရာမလိုခဲ့... ကျွန်တော်လက်ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ယူလိုက်သော ချစ်သူ၏ လက်တစ်ဖက်အတွက် အရာရာသည် ရဲရင့်ပြတ်သားနေခဲ့သည်...
လက်ဖက်သုပ်ဆိုင်မှ ဆိုင်ရှင်အဒေါ်ကြီး၏ ကြောင်အံ့မှုကို အလစ်ယူခဲ့ခြင်းမဟုတ်... တားတားခြင်းရပ်ပေးခဲ့သော Taxi ကားကြောင့်လည်းမဟုတ်ခဲ့... သူမအား ပိုင်ဆိုင်လိုစိတ် ကြီးမားနေသောကြောင့်လည်း မဟုတ်ခဲ့... ဘာဆိုဘာမှန်းမသိပါပဲနှင့် သူမ အမေ နှင့် မျက်နှာချင်းဆိုင်မိသော မိနစ်အနည်းငယ်တွင် သူမအား ကားတင်ပြေးခြင်းဟူသော အဖြစ်အပျက်တစ်ခု ကမ်းနားလမ်းမကြီးပေါ်တွင် အမှန်တကယ်ပင်ဖြစ်ပွားခဲ့ပါသည်...
အဖြစ်အပျက် (၄) ~~~~ ၁၉၉၅ ဧပြီလ (၁) မှ ဧပြီ (၂)ဆီသို့
"ဘယ်လိုလုပ်ကြမလဲ.. ကို... "
ဘယ်လိုမှမလုပ်ဖူးလေ... အခု မေလေးကို ခိုးပြေးလိုက်ပီ... ကို တို့ ပဲခူးလောက်ပြေးကြတာပေါ့... ဤသို့နှင့် ရန်ကုန်မြို့နှင့် မိုင် (၅၀)ကွာဝေးသော မြို့လေးသို့ ကျွန်တော်တို့ စတင်ခြေချခဲ့လေသည်...
မှတ်မှတ်ရရပြောရရင် ပဲခူးမြို့သည်... ရန်ကုန်မြို့တွင် နေထိုင်ကြသည်ဆိုသော ကျွန်တော်တို့ နှစ်ဦးစလုံး တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဘူးသော မြို့လေးဖြစ်ပါသည်။
ကြိုတင်မဆုံးဖြတ်ထားသော်လည်း ကျွန်တော်တို့ စနစ်တကျလုပ်နိုင်ခဲ့သည်... သူမှာရှိသော လက်ဝတ်ရတနာ အချို့နှင့် ကျွန်တော်တွင်ပါဝင်သော ငွေ ပေါင်းစည်းလိုက်သော အခါ..
ပဲခူးတွင် တစ်လနေထိုင်နိုင်ရန် အိမ်လေးတစ်လုံး ငှားရမ်းမိသည်.. လိုအပ်တဲ့ ပစ္စည်းလေးတွေ ၀ယ်ယူပြီးသော အခါ ကျွန်တော်တ်ု့၏ အနာဂတ် ခရီးအတွက် အမှတ်အသားတစ်ခု အဖြစ် လက်မှတ်ထိုးပွဲ စတင်ခဲ့သည်... အမှန်တကယ်တော့ လက်မှတ်ထိုးခြင်းဟူသည် ကျွန်တော်တို့ချစ်ခြင်းမေတ္တာအတွက် ဘယ်လိုမှချည်နှောင်မှုပေးနိုင်ခြင်းမဟုတ်ခဲ့ပါ... သို့သော် ချစ်သူလေး၏ သိက္ခာတရားအတွက် လက်မှတ်တစ်ခုကတော့ လိုအပ်နေခဲ့ပါသည်... တစ်ကြိမ်တစ်ခါမှ မတွေ့မြင်ဖူးခဲ့သော ရက်ကွက်လူကြီးများသည် ကျွန်တော်တို့ဇနီးမောင်နှံအတွက် သက်သေပြုပေးခဲ့သည်မှာ ဘ၀ခရီးတစ်ခု၏ ပထမဆုံးအင်အားဖြစ်ခဲ့သည်...
အဖြစ်အပျက် (၄) ~~~~ ၁၉၉၅ ဧပြီလ (၃)နှင့် နောက်ပိုင်း
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရုံနဲ့ အဆင်မပြေနိုင်ဘူးဆိုသည့် စကားများသည်... ကျွန်တော်တို့အတွက် မဟုတ်ခဲ့... ဘာတစ်ခုမှပြင်ဆင်ထားခြင်းမရှိလျှင် ဘ၀သည် အဆင်မပြေနိုင်ဘူးဆိုသည်စကားများသည်လည်း ကျွန်တော်တို့အတွက် မဟုတ်ခဲ့... အိမ်ထောင်ပြုခြင်း ဟူသည် တစ်ယောက်ကိုတစ်ယောက်ချည်နှောင်ခြင်းဆိုသည်မှာလည်း ကျွန်တော်တို့အတွက်မဟုတ်ခဲ့ပါ...၁၉၉၅ ဧပြီတစ်ရက်နေ့တွင် ချစ်သူနှင့် အပျင်းပြေလမ်းလျှောက် လက်ဖက်သုပ်စားခဲ့သော အဖြစ်အပျက်မှသည် ယနေ့ ၂၀၀၈ ခုနစ် နိုဝင်ဘာတိုင်ခဲ့ပြီဖြစ်သည်... ကျွန်တော်၏ ချစ်လှစွာသော ကောင်မလေးအတွက်
ကျွန်တော်ရင်ခုန်မှုများသည်... ၁၉၉၅ ဧပြီလ (၁)ရက်နေ့ ညနေခင်းလမ်းလျှောက်သည့် အချိန်ကဲ့သို့ပင် ဖြစ်သည်... ချစ်သူ၏ ခန္ဓာကိုယ်နှစ်ဆ ဖြစ်လာသကဲ့သို့ ကျွန်တော့အချစ်များသည်လည်း နှစ်ဆတိုးပွားခဲ့လေသလား...
ကျွန်တော်မသိခဲ့ပါ... သို့သော် ကျွန်တော်တို့ ယနေ့ထိတိုင် ချစ်မြတ်နိုးနေကြဆဲဖြစ်ပါသည်...
ကျွန်တော်အတွက်ချစ်သူသည်...
အလုပ်မှပြန်ရောက်ရောက်ခြင်း ထမင်းခူးပေးထားရန်မလိုပါ... ရေခပ်ပေးရန်မလိုပါ... ရေချိုးသနပ်ခါးလိမ်းထားရန်မလိုခဲ့ပါ...
ချစ်သူအတွက် ကျွန်တော်သည်...
ပိုက်ဆံများများရှာရန်မလိုပါ... ညနေအိမ်စောစောပြန်ရန်မလိုပါ... ရွှေငွေရတနာများဆင်ယင်မလိုအပ်ခဲ့ပါ....
ကျွန်တော်တို့ ဘာမှမလိုပဲချစ်ခဲ့ကြသည်... ထို့ကြောင့် ကျွန်တော်တို့ ယနေ့ထိ ဘာမှလည်းမလိုအပ်သည့် ဘ၀တွင်နေထိုင်နေလျှက်ရှိသည်...