Guest. It's 04:11 AM - Myanmar time. Join or Sign In | Download Myanmar Font 
 
Photo Gallery Guide Blog Song News Joke
ရည်းစားနဲ့ ဟိုတယ်သွားခဲ့တယ်
Posted on Mar 26 09 - 12:00 AM | Hits : 2561
ခေါင်းစဉ်ကြည့်ပြီး လန့်မသွားကြပါနဲ့။ Postကို ဖတ်နေရင်းနဲ့မှ ကျွန်တော် ဘာပြောချင်တာလဲ ဆိုတာကို တဖြည်းဖြည်း သိလာပါလိမ့်မယ်။ နောက်ပြီး ဒီPostလေးအတွက် ဒီခေါင်းစဉ်နဲ့ လိုက်ဖက်မယ်ထင်လို့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်နဲ့ ဟိုတယ်ကို တကယ်သွားကြတာကိုး။ အဲ … ပြောလေ၊ ဆိုးလေဖြစ်ကုန်ပြီ။ ကဲ အကြောင်းစုံသိရအောင် ခုပဲ စဖွပါပြီဗျာ။

ကျွန်တော့်မှာ ရည်းစားချောချောလေး ရှိတယ်ဗျ။ ဟီဟိ … ဘလိုင်းကြီးကြွားရတာ အရသာရှိလိုက်တာ။ ကျွန်တော်တို့နှစ်ယောက်က (၂၀၀၈)ခုနှစ် Valentines' Dayမှာ ချစ်သူတွေ ဖြစ်ခဲ့ကြတာလေ။ ပြောရရင်တော့ ကဗျာဆန်တယ်ပေါ့ဗျာ။ ဒီတော့ သီတင်းကျွတ်လပြည့်နေ့ (၂၀၀၈ခုနှစ်၊ အောက်တိုဘာ ၁၄ရက်နေ့)မှာ ကျွန်တော်တို့ ချစ်သူသက်တမ်း (၈)လတိတိပြည့်ပါတယ်။အဲဒီနေ့က ကောင်မလေးရဲ့အိမ်နားက လမ်းသွယ်တွေမှာ အလှပြမီးထွန်းတာကို ပြိုင်ပွဲလုပ်ကြတယ်ဗျ။ လမ်းတွေထဲက အိမ်တွေကလဲ အပြိုင်အဆိုင် ၀င်ပါကြတာဆိုတော့ ရောင်စုံမီးတွေနဲ့ အရမ်းလှတာပေါ့ဗျာ။ ကျွန်တော်လည်း ကောင်မလေးရဲ့ အမေဆီမှာ ခွင့်တောင်းပြီး သူတို့အိမ်နားက အအေးဆိုင်လေးမှာ နှစ်ယောက်သား ထိုင်ဖြစ်ကြတယ်။

ထောပတ်သီး ဖျော်ရည်လေးရယ်၊ ရောင်စုံမီးလေးတွေရယ်၊ ချစ်သူရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားတဲ့ အနွေးဓာတ်ကလေးရယ် …. အိုး … ဘယ်လောက်များ Romanticဖြစ်လိုက်မလဲ ဘော်ဒါတို့ စဉ်းစားသာကြည့်ဗျာ။ ဗြောက်အိုးသံတွေ တဒိုင်းဒိုင်းပေါက်ကွဲနေတာတောင် သတိမထားမိပါဘူး။ မီးရောင်လေးတွေ အရောင်ဟပ်နေတဲ့ ကျွန်တော့်ကောင်မလေး မျက်နှာက သိပ်ကို ချစ်စရာကောင်းနေတော့ ကိုယ့်ရည်းစားကိုယ် ထိုင်ငမ်းနေမိတာပဲ။ နှစ်ယောက်သား စကားပြောရင်းနဲ့ ကျွန်တော်က စိတ်ကူးပေါက်ပြီး သူ့ကို မေးခွန်းတစ်ခု ကောက်မေးလိုက်တယ်။ အဲဒီမေးခွန်းကြောင့်လည်း ဒီPostလေးကို ရေးဖြစ်ခဲ့တာပါပဲ။ ကျွန်တော်မေးလိုက်တာက … "သည်း … ကိုယ်ကြားဖူးတာ တစ်ခုရှိတယ်။ မိန်းကလေးတွေက သူတို့ရဲ့ ချစ်သူတွေကို သနားတာ၊ ဒါမှမဟုတ် အထင်ကြီးအားကိုးတာ တစ်ခုခုကနေ ချစ်သွားကြတာတဲ့။ ကိုယ့်လိုကောင်ကိုတော့ သနားလို့ ချစ်စရာအကြောင်း တစ်စက်ကလေးမှ ရှိပုံမပေါ်ဘူးနော်။ ဒီလောက်ဗရုတ်ကျတာ။ ဒီတော့ သည်း ကိုယ့်ကို အားကိုးလို့ပဲဖြစ်ရမယ်။ ပြောစမ်း … သည်းနဲ့ကိုယ်နဲ့ ရည်းစားသက်တမ်းတလျှောက် ကိုယ့်ကို ဘယ်အချိန်မှာ အားကိုးချင်စိတ် အရှိဆုံးလဲ"။ မေးသင့်တယ်လေ။ ကျွန်တော်က သူ့ကို စရနောက်ရရင် အရမ်းပျော်နေတတ်တာ။ ပြီးတော့ ဒီလောက်မျက်နှာပြောင်တဲ့ငတိကို သနားလို့ချစ်တာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဟုတ်တယ်ဟုတ်။

ဒင်းကလေးကလည်း ချက်ချင်းကို ပြန်ဖြေရှာပါတယ်။ "ဝေးသေး … နင့်ဆီမှာ အားကိုးချင်စရာ ဘာများရှိလို့လဲ"တဲ့။ ကျွန်တော်တို့ နှစ်ယောက်က “ကိုယ်”နဲ့“သည်း”ဆိုတဲ့ နာမ်စားသုံးပြီး ခေါ်ဝေါ်ပြောဆိုတတ်ပေမယ့် ရန်ဖြစ်တာတို့၊ ငြင်းခုန်တာတို့၊ တစ်ယောက်ကိုတစ်ယောက် စကြနောက်ကြတဲ့အခါတို့ဆိုရင် သူငယ်ချင်းဘ၀တုန်းကအတိုင်း နင်တွေ၊ ငါတွေနဲ့ ပြောတတ်ပါတယ်။ (ဤကား စကားချပ်) ကျွန်တော်လည်း ကိုယ့်ဖာသာ စပ်ဆော့ပြီး မေးမိပေမယ့် အဲလိုကြီးပြန်ဖြေတော့ နည်းနည်းတော့ ဖုသွားတာပေါ့ဗျာ။ ဒါနဲ့ ယောက်ျားကြီးတန်မဲ့ နှုတ်ခမ်းစူပြီး စိတ်ကောက်ချင်ယောင် ဆောင်ပစ်လိုက်တယ်။ ဘာရမလဲ။ အဲဒီတော့မှ ဒင်းကလေးက ကျွန်တော့်လက်မောင်းကို လာမှီပြီး "ကို"လို့ ခေါ်ပြီး လာချွဲတယ်။ ဒီလောက်နဲ့ ရရိုးလား နော်။ ကိုယ်က ကောက်နေတော့ အဲဒါလောက်နဲ့တော့ ဘယ်စိတ်ပြေမလဲလေ။ "သည်း ကိုယ့်ကို အားအကိုးဆုံးအချိန်က …"

သူ့စကားက ဆက်မပြောဘဲ ရပ်သွားရော။ မေးတုန်းကတော့ ဘာရယ်မဟုတ်ဘဲ အာချောင်ပြီး မေးလိုက်တာပါ။ အလေးအနက်ကြီး မဟုတ်ရပါဘူး။ ဒါပေမယ့် ခုလိုကျတော့ သူ့စိတ်ထဲ ဘာရှိလဲ သိချင်လာရော။ စကားကိုသူက ဆက်မပြောဘဲထားတော့ ဆန့်တငံ့ငံ့ကြီး။ ဘော်ဒါတို့ပဲ စဉ်းစားကြည့်။ စိတ်ကောက်ချင်ယောင် ဆောင်ထားတော့ သူ့ကိုလည်း လှည့်ကြည့်လို့မရဘူးလေ။ တော်သေးတယ်။ သူကဆက်ပြောပါတယ်။ "ဟိုတယ်သွားတဲ့ အချိန်တုန်းက"တဲ့။ သူ့အဆုံးသတ်စကားကို ကြားတော့ ကျွန်တော်လှည့်မကြည့်ဘဲ မနေနိုင်တော့ဘူးဗျ။ အောင်မယ် … သူကရှက်ပြုံးလေး ပြုံးနေသေးတယ်။ ကျွန်တော်လည်း သူ့ပုံကိုမြင်တော့ ခပ်တည်တည်ကြီး မနေနိုင်တော့ပါဘူး။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်မိကြတော့တာပါပဲ။

အဲဒီအဖြေလေးအတွက် သူ့ကို ကျွန်တော် ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့နှစ်ယောက် ဟိုတယ်သွားဖြစ်တဲ့ အဖြစ်အပျက်လေးကို သူကခုထိ အမှတ်ရနေတယ်ဆိုတာ အမှတ်မထင်သိလိုက်ရလို့ အရမ်းလည်း ကြည်နူးခဲ့မိတယ်။ ကဲပါ။ Introတွေလည်း တော်တော်များနေပြီ။ စာဖတ်နေတဲ့ ဘော်ဒါတွေ သိချင်နေမယ့် ကျွန်တော့်ရဲ့ ဟိုတယ်ဇာတ်လမ်းကို နောက်ကြောင်းပြန်ပါတော့မယ်။ မြန်မာကားတွေမှာတော့ နောက်ကြောင်းပြန်ရင် အဖြူ၊ အမည်းနဲ့ ပြမှာပေါ့နော်။ ကျွန်တော်ကတော့ စာနဲ့ပဲ ရေးပြတော့မယ်။ ဒီအကြောင်းလေးကို ဖတ်ပြီးရင် သူငယ်ချင်းတို့တွေ နှစ်နှစ်ခြိုက်ခြိုက် ရယ်ကောင်းရယ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကာယကံရှင်နှစ်ယောက်ကတော့ တော်တော်လေး ဒုက္ခများပြီး တိုင်ပတ်ခဲ့တဲ့အကြောင်း နတ်သံလေးကြိုနှောထားလိုက်ပါရဲ့။ ကဲ စပါပြီ။ (ဇာတ်လမ်းက သင်္ကြန်ဇာတ်လမ်းဗျ)

(၂၀၀၈)ခုနှစ် သင်္ကြန်မှာ ကျွန်တော်တို့ အင်းယားလမ်းက BeCute မဏ္ဍပ်မှာ ထိုင်ဖြစ်ပါတယ်။ အဲဒီမဏ္ဍပ်မှာ ကျွန်တော်က Organizerဆိုတော့ ကောင်မလေးကို ခေါ်ထားလိုက်တာပေါ့ဗျာ။ မှတ်မှတ်ရရ သူစပြီးလာလည်တာ အကြတ်နေ့ ပထမရက်ဗျ။ အဲဒီနှစ်သင်္ကြန်က အကြတ်နေ့ နှစ်ရက်ရှိတာကိုး။ ဒါနဲ့ မနက်ပိုင်းမှာ သူ့ကို ရေပက်တဲ့နေရာကို ပို့ပေးထားပြီး ကျွန်တော်ကတော့ လက်မှတ်ရောင်းလိုက်၊ လက်မှတ်စစ်လိုက်၊ ထမင်းဘူးဝေလိုက်နဲ့ အလုပ်ရှုပ်နေတာပေါ့။ ကျွန်တော် နည်းနည်းလေး အလုပ်ပါးသွားတဲ့ အချိန်ကျတော့ သူကရေပက်တဲ့ နေရာကနေ ပြန်ရောက်လာရော။ "ကိုယ် သည်းဗိုက်ဆာတယ်"။ ဒီစကားက ကြားရလွန်းလို့ ကျွန်တော့်အတွက်တော့ ရိုးနေပြီဆိုပါတော့။ သူက မုန့်စားဖို့ ဘယ်အချိန်ခေါ်ခေါ် တစ်ခါမှ မငြင်းသလို ကျွန်တော်မခေါ်ရင်လည်း အခုလို အဆိုတင်သွင်းပြီး မုန့်လိုက်ဝယ်ကျွေးခိုင်းနေကျပါ။ ကျွန်တော်လည်း အလုပ်အားနေပြီဆိုတော့ မဏ္ဍပ်အောက်ဆင်းပြီး နှစ်ယောက်တူတူ စားသောက်ဆိုင်မှာသွားထိုင်ကြတယ်။ ခေါက်ဆွဲကြော်နဲ့ ထမင်းကြော် မှာစားကြပြီး သူက ဇာတ်လမ်းစပါတော့တယ်။

"ကို သည်း ဘီယာသောက်မယ်နော်"။ ကျွန်တော့်ကောင်မလေးက သူ့သူငယ်ချင်း မွေးနေ့တို့၊ ဘာတို့ဆိုရင် ဘီယာသောက်နေကျလေ။ ပြီးတော့ ဒီခေတ်မှာ မိန်းကလေး ဘီယာသောက်တာ ဆန်းမှမဆန်းတော့တာ။ ကျွန်တော်ကလည်း အဲဒါကို နားလည်တော့ မကန့်ကွက်ပါဘူး။ ကန့်ကွက်လည်း သူက နားထောင်မှာမှ မဟုတ်တာ။ အဟိ။ ခုဟာက သင်္ကြန်ဆိုတော့ သူ့ခမျာ ချမ်းရှာမှာပေါ့နော်။ "သောက်ချင် မှာလိုက်လေ"။ "သည်း တစ်ယောက်တည်းဆို တစ်လုံးမကုန်လောက်ဘူး ကိုရဲ့"။ ကျွန်တော်က မကုန်ရင် သွန်လိုက်ပေါ့ဆိုပြီး မြန်မာဘီယာတစ်လုံး မှာပေးလိုက်တယ်။ သြော် … ပြောရဦးမယ်။ ကျွန်တော်က အရက်၊ ဘီယာလုံးဝမသောက်တတ်ဘူး။ အဲဒီအတွက် ပိုက်ဆံကုန်မယ့်အစား မုန့်ပဲအ၀စားမယ်လို့ သံဓိဋ္ဌာန်ချထားတဲ့ကောင်။ သူကလည်း ကျွန်တော် မသောက်တတ်တာ သိတယ်လေ။ အဲဒီတော့ သူတစ်ယောက်ထဲ ဘီယာတစ်ပုလင်း ကြိတ်တော့တာပေါ့။ ပုလင်းတစ်ဝက်လောက် ရောက်တော့ သူမကုန်တော့ဘူးတဲ့။ ကျွန်တော်က မကုန်ရင် ထားခဲ့လို့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော့်ကောင်မလေးက ဒီနေရာမျိုးကျ သိပ်နှမြောတတ်တာကလား။ တစ်လုံးလုံး မကုန်ကုန်အောင် ဖျစ်ညှစ်သောက်ပြီးမှ မဏ္ဍပ်ပေါ် ပြန်တက်ဖို့ ပြင်ဆင်ကြတော့တာပဲ။

မြန်မာစကားပုံရှိတယ်။ "ထိုင်နေရင်အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ"ဆိုတာလေ။ သိပ်မှန်တဲ့ စကားပါပဲဗျာ။ ထိုင်နေတုန်းက သတိမထားမိဘဲ ထကြတော့မှ သူ့ခံနိုင်ရည်တွေ ကျိုးနေပြီမှန်းသိတော့တယ်။ "ကို … သည်း ရှူးပေါက်ချင်တယ်"။ ရေကလည်း စိုပြီး ချမ်းနေသေး၊ ဘီယာတစ်လုံးလည်း ဖြိုထားသေး။ ဒင်းမှ မပေါက်ချင် ဘယ်သူပေါက်ချင်မလဲ။ ဘော်ဒါတို့ပဲ စဉ်းစားကြည့်ဗျာ။ ကျွန်တော်လည်း အင်းယားပန်းခြံနားက အခပေး အိမ်သာဆီ သူ့ကိုပင့်သွားရတာပေါ့။ ဖြစ်ချင်တော့ … အိမ်သာက ရှိတာမှ (၂)ခန်းထဲ။ တန်းစီစောင့်နေတာက မိန်းကလေး(၂၀၀)လောက်ရှိတယ်။ အင်းယားလမ်းမှာ သင်္ကြန်မဏ္ဍပ်ထိုင်ဖြစ်တဲ့ မိန်းကလေးတွေကတော့ အဲဒီအကြောင်းကို လက်တွေ့သိပါလိမ့်မယ်။ ကျွန်တော့်ကောင်မလေးလည်း ကောင်းမိကောင်းလျက် အိမ်သာရှေ့ လူတန်းကြီးထဲ ၀င်တန်းစီလိုက်ပါသေးတယ်။ ကျွန်တော်ကတော့ ခပ်လှမ်းလှမ်းမှာ စောင့်နေတာပေါ့။

ငါးမိနစ်လောက်ကြာတော့ ကျွန်တော့်ဟာလေး ပြန်ပြေးလာတယ်။ "ကို … သည်းဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ လုပ်ပါဦး"။ ဘော်ဒါတို့ စဉ်းစားကြည့်။ ကျွန်တော်က ဘာလုပ်ရမှာလဲ။ အိမ်သာဆီရောက်အောင် ကြားဖြတ်ဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အားလုံးက ကိုယ့်ဒုက္ခနဲ့ကိုယ်။ ကျွန်တော့်အသည်းလေးကိုကြည့်တော့ တော်တော်လေး မျက်နှာပျက်နေရှာပြီ။ (သောက်ချင်ဦးလေ ဘီယာ) ပါးစပ်ကတော့ အဲလို ဘယ်ပြောရဲမလဲ နော့။ သူ့ကိုကြည့်ပြီး ကြွတ်ကြွတ်အိတ်ပဲ ပြေးယူရမလိုလို၊ ဂန်ဖလားပဲ ပြေးရှာရမလိုလိုနဲ့ ကျွန်တော့်မှာ တော်တော်လေး ယောင်နနဖြစ်နေရော။ "ကို တစ်ခုခု ကြံပါဦး"တဲ့။ မချိတင်ကဲ အသံနဲ့ ကျွန်တော့်ကောင်မလေး ရေရွတ်တယ်။ အသံတွေတောင် တုန်နေရှာရဲ့။ ကျွန်တော်လည်း ယောင်ပြီး "မဏ္ဍပ်ပေါ်မှာ ရေစိုနေတုန်း ရောပြီး ပေါက်ချလိုက်ပါလား"ဆိုပြီး ပါးစပ်က လွှတ်ကနဲ ထွက်သွားရော။

ဘာဖြစ်မယ် ထင်တုန်း။ သူ့လက်နှစ်ဖက်က ဖြတ်ကနဲ ကျွန်တော့်နားရွက်တွေကို စုံကိုင်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ပါးစပ်က "အား"ကနဲ အော်နေမိပြီလို့ သတိထားလိုက်မိတာပဲ။ ဒီလိုဗျ။ ကျွန်တော့်ကောင်မလေးက ခုခေတ်မိန်းကလေးတွေ ထုံးစံအတိုင်း Languageတွေ၊ Computerတွေ စုံနေအောင် သင်တန်းလျှောက်တက်ထားတယ်။ သူ့မှာ Graphicတွေရော၊ DTPတွေရော၊ Englishတွေရော Certificateတွေ စုံနေအောင်ရှိပေမယ့် တကယ်တမ်း လက်တွေ့ကြတော့ ဘာမှသိပ်မတတ်ဘူး(ခုခေတ်မှာ ဒီလိုလူငယ်တွေ တော်တော်လေး များနေမယ် ထင်ပါတယ်) အဲ … သူ့မှာ မသင်ဘဲ တဘက်ကမ်းခတ် ပါရမီရင့်သန်စွာ တတ်မြောက်ထားတာကတော့ နားရွက်ဆွဲနည်း အတတ်ပညာပါပဲ။ ဆရာတို့ရေ … နားရွက်ဆွဲနည်းစနစ်အတွက် အဆင့်သတ်မှတ်မယ်ဆိုရင် ကျွန်တော့်ကောင်မလေးက Certificateနဲ့တောင် လောက်မှာမဟုတ်ဘူး။ ပါရဂူဘွဲ့လောက်ကို ပေးသင့်တာဗျ။ သူက ကျွန်တော့်ကို ချစ်စနိုးအနေနဲ့ရော၊ စိတ်ဆိုးတဲ့အခါမှာရော နားရွက်ဆွဲတတ်ပါတယ်။ ဒင်းကလေး နားရွက်ဆွဲရင် “မအော်ဘူးကွာ”လို့ မာန်တင်းထားလို့ကို မရဘူးဗျာ။ အောင်မာ … သူက သက်သက်သာသာလေး နားရွက်ဆွဲနေတာနော်။ အားတောင်မထည့်ဘူး။ ခံရတဲ့လူကတော့ လှိုက်လှိုက်ပြီးကို နာလာတာ။ ဆွေ့ဆွေ့ခုန်နေတာပဲ။ ရုန်းလေဆိုးလေဗျ။ (မယုံရင် လက်တွေ့စမ်းသပ်နိုင်ပါသည်။ နားရွက်ဆွဲခံရုံသာ ဖြစ်ပြီး အခြားအကြောင်းအရာများကိုမူ စမ်းသပ်ရန် ခွင့်မပြုပါ) အယ် … နားရွက်ဆွဲတဲ့ ကိစ္စကို ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့လုပ်နေတာနဲ့ ခုနက အိမ်သာအကြောင်းတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ သြော် …. မှတ်မိပြီ။ မဏ္ဍပ်ပေါ်မှာ ပေါက်ချခိုင်းလို့ ကျွန်တော် နားရွက်ဆွဲခံရတာ။

ကျွန်တော့်နားရွက်ကို ဆွဲလို့လည်းဝရော၊ သူ့ဝေဒနာ သူပြန်သတိရသွားတာပဲ။ "ကို … သည်း မရတော့ဘူး"ဆိုပြီး ကုန်းကုန်းလေးဖြစ်နေပြန်ရော။ ကျွန်တော့်မှာ နာကလည်းနာ၊ သနားကလည်းသနား။ ဘာလုပ်ရမှန်းကိုမသိဘူး။ ခုနေများ ဖန်ဆင်းရှင်တစ်ယောက်ယောက်က လိုချင်တဲ့ဆုတောင်းဆို အိမ်သာပဲတောင်းမိမှာ။ ခက်တာက ဘာလုပ်ပေးရမှန်း မသိတာဘဲ။ ဆရာသမားတို့ စဉ်းစားကြည့်လေ။ အိမ်သာလေးနှစ်ခန်းအတွက် လူ(၂၀၀)လောက် စောင့်နေရတဲ့ဟာ။ သူနဲ့ဆို ဘယ်လိုမှ ကိုက်မှာမဟုတ်ဘူး။ ကဲ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ သည်းလေးရဲ့ ပြဿနာအတွက် အဘယ်နည်းလမ်းဖြင့် ဖြေရှင်းရအံ့နည်း။ ရုတ်တရတ် ကျွန်တော်ခေါင်းထဲမှာ လင်းကနဲဖြစ်သွားတယ်။ ပြီးတော့ ကျွန်တော့်ကောင်မလေးကို အာလုတ်သံကြီးနဲ့ လှမ်းပြောလိုက်မိပါလေရော။

"ကိုယ်တို့ ဟိုတယ်သွားကြမယ်လေ"

ဟီး။ ပြောပြီးတာနဲ့ “ငါတော့မှားပဟ”လို့ ချက်ချင်းသတိထားမိလို့ နားရွက်နှစ်ဖက်ကို လက်နဲ့အမြန်အုပ်ထားလိုက်ရတယ်။ ဟီဟိ .. အချိန်မီရုံလေးဗျာ။ သူ့လက်တွေကလည်း ကွက်တိကို ရောက်လာတာပဲ။ ကျွန်တော်က ကြိုတင်ကာကွယ်လိုက်နိုင်တော့ နားရွက်ဆွဲလို့ မရတော့ဘူးပေါ့။ ကျွန်တော်လည်း သူ့ကို အမြန်ရှင်းပြရတယ်။ ရှင်းပြရမှာပေါ့ဗျာ။ ရည်းစားဖြစ်တာမှ နှစ်လလောက်ရှိသေး။ ဟိုတယ်ခေါ်တယ်ဆိုတော့ အခန့်မသင့်ရင် တခါတည်းတောင် ပြတ်သွားနိုင်သေးရဲ့။ ဟိုတယ်ခေါ်တာ ဒီလိုပါဗျ။ ကျွန်တော်တို့ မဏ္ဍပ်က မောင်နှမ၀မ်းကွဲတွေ စုပြီးလုပ်ကြတာလေ။ အဓိကဦးဆောင်တာက ကျွန်တော့်အစ်မတို့ လင်မယားဆိုပါတော့။ သူတို့က အဲဒီတုန်းက ကလေးမွေးထားတာ (၆)လလောက်ပဲ ရှိသေးတာ။ ကလေးတစ်ဖက်နဲ့ပေမယ့် နှစ်တိုင်းလုပ်နေကြဆိုတော့ ဒီနှစ်ကျမှ မဏ္ဍပ်မလုပ်ဘဲလည်း မနေချင်ကြဘူးလေ။ ဒါပေမယ့် မဏ္ဍပ်ကနေ အိမ်အထိ နေ့တိုင်းနေ့တိုင်း ကလေးတစ်ဘက်နဲ့ အသွားအပြန်လုပ်ဖို့ကလည်း အဆင်မပြေဘူး။ ဒါကြောင့် ကလေးကိုခေါ်ပြီး အင်းယားလမ်းနဲ့ ပြည်လမ်းထောင့်က Ruby Gardenဟိုတယ်မှာ သင်္ကြန်(၅)ရက်စာ အခန်းငှားထားလိုက်တယ်။ အစ်မတို့လင်မယားက တစ်ယောက်တစ်လှည့် မဏ္ဍပ်ကိုလာပြီး ဟိုတယ်မှာကျတော့ သူတို့သားလေးကို ကလေးထိန်းနဲ့ ထားခဲ့တယ်ဗျ။ နောက်ပြီး ကျွန်တော့်အစ်မရဲ့ အဖေအမေတွေကလည်း နေ့လယ်ပိုင်းဆို သူတို့မြေးလေးကို ဟိုတယ်မှာ လာလာထိန်းပေးတယ်လေ။ ညကျရင်တော့ ကျွန်တော့်အစ်မရယ်၊ သူ့ယောက်ျားရယ်၊ ကလေးရယ်က သူတို့အိမ်ထိမပြန်တော့ဘဲ ဟိုတယ်မှာပဲ အိပ်ကြတော့တယ်။ ကျွန်တော်က အဲဒီဟိုတယ်က အခန်းကိုပြောတာပါ။ အိမ်သာရှိတယ်လေ။ တခြားကိစ္စမဟုတ်တဲ့အကြောင်း သူ့ကိုရှင်းပြရတာပေါ့။ [တကယ်တော့ ကျွန်တော်က လူရိုးလေးပါ။ မလစ်ရင် ဘာမှမလုပ်ပါဘူး။း)]

ကျွန်တော့်ကောင်မလေးလည်း နည်းနည်းတော့ တွေဝေသွားတယ်။ ဒါပေမယ့် ဟိုတယ်ဆိုတဲ့နေရာရယ်၊ ကျွန်တော့်ရဲ့ ၀မ်းသာအားရ ဖြစ်သွားတဲ့ အမူအယာရယ်ကို မသင်္ကာဘူးထင်ပါ့။ လိုက်ရမှာ မရွံ့မရဲဖြစ်နေရှာတယ်။ တကယ်တော့ ကျွန်တော်က သူအဆင်ပြေမယ့် နည်းလမ်းကို စဉ်းစားမိလို့ အားရပါးရ ပြောလိုက်မိတာပါ။ မလိုက်ချင်လည်း ဒင်းထိုက်နဲ့ဒင်းကံပဲဆိုပြီး လွှတ်ထားလိုက်တာပေါ့။ သူ့ခမျာ လူတန်းကြီးကို ကြည့်လိုက်၊ ကျွန်တော့်ကို ကြည့်လိုက်၊ ဒုက္ခတရားကို အသည်းအသန် ချုပ်တီးလိုက်နဲ့ တစ်ယောက်ထဲ ဗျာများနေရှာတာ။ ပုံစံကြည့်တော့လည်း ကိုင်းကိုင်းလေးနဲ့ ရှုံ့မဲ့နေတာပဲ။ နောက်ဆုံးတော့ ဒွိဟကို ဝေဒနာက အနိုင်ယူသွားတယ် ထင်ပါရဲ့။ “ကို ဟိုတယ် … သွားကြမယ်”လို့ အပြီးသတ် ဆုံးဖြတ်လိုက်ပါလေရော။

အင်းယားပန်းခြံရှေ့ အိမ်သာကနေ Ruby Gardenဟိုတယ်ကို ရိုးရိုးအချိန်ဆို လမ်းလျှောက်ရင် (၃)မိနစ်နဲ့ရောက်ပါတယ်။ ဒါပေမယ့် သင်္ကြန်ဆိုတော့ လူအုပ်ကြီးက သိတဲ့အတိုင်းပဲ။ အရမ်းကိုများနေတာ။ ကျွန်တော်လည်း သူ့ကိုလက်ဆွဲပြီး လူအုပ်ကြားထဲကနေ ဟိုတယ်ရှိတဲ့ ပြည်လမ်းဘက်ကို တိုးထွက်ရတာပေါ့။ ရေစီးကလည်းသန်၊ လူတွေကလည်း တဟေးဟေး၊ တဟားဟားနဲ့။ ကျွန်တော် သူ့ကိုလှည့်ကြည့်တော့ မျက်နှာက နီနေပြီ။ “ကို ရှူးပေါက်ချင်တယ်၊ ကို သည်း မရတော့ဘူး” ဆိုတာက လမ်းတလျှောက်လုံး သူ့ပါးစပ်က တတွတ်တွတ် ရွတ်နေတော့တာပဲ။ နှစ်ယောက်သား နည်းနည်းချင်းစီတိုးရင်း အင်းယားလမ်းနဲ့ ပြည်လမ်း ဆုံတဲ့နေရာ မီးပွိုင့်ကိုရောက်တော့ အောင်မယ်လေးဗျာ … နည်းတဲ့လူတွေမဟုတ်ဘူး။ ရေစီးကြောင်းထဲမှာ ထိုင်နေကြ၊ အိပ်နေကြတာများ။ သူတို့ကိုယ်သူတို့ ချောင်းသာတို့၊ ငပလီတို့ ရောက်နေတယ်လို့ ထင်နေလားမသိဘူး။ တချို့ဆို ရေတွေထဲမှာ မှောက်လျက်အိပ်ပြီး အိန္ဒြာကျော်ဇင် စိန်နဲ့မြ မွှေ့ယာကြော်ငြာသလို ယက်ကန်ကက်ကန်တောင် လုပ်နေကြသေး။ အဲဒီလူတွေကြားထဲကနေ ကျွန်တော်တို့နှစ်ယောက် တဖြည်းဖြည်းချင်း တိုးထွက်လာရတယ်။ ကျွန်တော့်ကောင်မလေးမျက်နှာကလည်း နီရာကနေ ညိုနေပြီ။ ကြည့်ရတာ အခြေအနေ တော်တော်ဆိုးနေပုံပဲ။ လမ်းဘေးက ပလက်ဖောင်းမှာ ရန်ပွဲဖြစ်ပြီး ထိုးနေကြတာကိုတောင် ဂရုမစိုက်နိုင်ဘူး။ ခုချိန်မှာ ပြည်လမ်းကိုကူးပြီး ဟိုတယ်ရောက်ဖို့ပဲ အရမ်း အရေးကြီးနေတာကိုး။

(၁၀)မိနစ်လောက်ကြာအောင် လူပင်လယ်ကြီးကိုဖြတ်ပြီးမှ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ဟိုတယ်ကြီးရှေ့ကို ရောက်လာပါတော့တယ်။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက် ဟိုတယ်ခြံဝင်းထဲကို ၀မ်းသာအားရ ၀င်မယ်လည်းလုပ်ရော ကျွန်တော့်လက်ကို လက်တစ်ဖက်က လာဆွဲထားတယ်။ လှည့်ကြည့်တော့ ကွမ်းယာရောင်းတဲ့ ကုလားလေးဗျ။ သူက “အစ်ကို အားပေးသွားပါဦး”တဲ့။ ဘယ့်နှယ်ဗျာ … ဒီလောက်ထိအောင် အသည်းအသန် ဖြစ်နေတဲ့ကြားထဲ ကွမ်းယာလာရောင်းနေရသလားဆိုပြီး တော်တော်လေး စိတ်တိုသွားရင်း သူရောင်းနေတဲ့ ပစ္စည်းလေးကို လှမ်းကြည့်မိတော့ …. “ဟိုက်ရှားဘားစ်” ပုတ်သင်ညိုတံဆိပ်လေး ဆရာတို့ရေ။ အင်းပေါ့လေ။ စုံတွဲတစ်တွဲ ဟိုတယ်ထဲ အပြေးအလွှားဝင်ဖို့ ပြင်နေတာမြင်တော့ သူလည်း ဘယ်လိုထင်သွားလဲ မသိပါဘူး။ စီးပွားရေးတော့ တော်တော် အကွက်မြင်တဲ့ကောင်ပဲ။ ဒါပေမယ့် သူ့တွက်ကိန်းက နည်းနည်းလေး လွဲသွားရှာတယ်။ ကျွန်တော့်ရဲ့ မဒီလေးခမျာ ခုနက ညိုနေတဲ့မျက်နှာက ဒေါသကြောင့် ခရမ်းရောင်ကို ပြောင်းသွားပါလေရော။ “ဟင် သေနာလေး … ငါ့ကို ဘယ်လိုအစားမျိုး မှတ်လို့လဲ၊ ငါက အိမ်သာသွားမလို့ဟဲ့”ဆိုပြီး ကုလားလေးခေါင်းကို ဒေါင်ကနဲနေအောင် တစ်ချက်ခေါက်ထည့်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို လက်ဆွဲပြီး သူပဲဟိုတယ်ထဲကို ဦးဆောင်ဝင်သွားတော့တာပဲ။ ဟိုငနဲလေးခမျာ ငယ်ထိပ်ကိုပွတ်ရင်း အိမ်သာသွားမယ်ဆိုပြီး ဟိုတယ်ထဲဝင်သွားတဲ့ စုံတွဲကို အငေးသား ကြည့်ရင်း အူကြောင်ကြောင်နဲ့ ကျန်ခဲ့ရှာတယ်။

Receptionရောက်တော့ ပြဿနာတစ်ခု ကြုံပြန်ရော။ ကျွန်တော် အစ်မတို့တည်းတဲ့ အခန်းနံပါတ် မသိဘူးဗျ။ ဒါနဲ့ နာမည်တွေနဲ့ စုံစမ်းရတာပေါ့။ “ဟဲ့ ကိုငယ်၊ နင်ဘာလာလုပ်တာလဲ”။ ကျွန်တော် ထိတ်ကနဲ ဖြစ်သွားတယ်။ ကျွန်တော့် ကြီးဒေါ်အသံကိုး။ ပြီးမှ သူတို့အခန်းကို လိုက်ရှာနေတာလို့ ပြန်တွေးမိပြီး ၀မ်းသာသွားတယ်။ ကြီးဒေါ်ကတော့ ကောင်မလေးနဲ့ ဟိုတယ်ရောက်လာတဲ့ ကျွန်တော့်ကို ဘယ်လိုပုံစံနဲ့ ကြည့်နေမလဲဆိုတာ စဉ်းစားသာကြည့်တော့ဗျာ။ “ကြီးကြီး … အခန်း၊ အခန်း”။ အမောတကောနဲ့ ပြောတဲ့ကျွန်တော့်ပုံစံကြောင့် သူလည်း တော်တော်လေး နဝေတိမ်တောင်ဖြစ်သွားရော။ ကျွန်တော်လည်း အဲဒီတော့မှ ကိုယ်လောကြီးနေတာ သတိရပြီး “အိမ်သာသွားချင်လို့၊ အခန်းဘယ်မှာလဲ”ဆိုပြီး မေးရတယ်။ ကြီးဒေါ်လည်း ဘေးမှာပါလာတဲ့ ကျွန်တော့်ကောင်မလေး မျက်နှာကိုလှမ်းကြည့်ပြီး ချက်ချင်း သဘောပေါက်သွားပုံပဲ။ “ရှေ့ကနေ ညာဘက်ချိုး၊ အခန်းနံပါတ်(၁၄)၊ အဲဒီမှာ ကလေးထိန်းတဲ့ ကောင်မလေးရှိတယ်၊ တံခါးဖွင့်ခိုင်းလိုက်”လို့ လှမ်းပြောတယ်။ စကားတောင် မဆုံးသေးဘူးဗျာ။ ကျွန်တော့်ကောင်မလေး ပြေးသွားလိုက်တာ … လှစ်ကနဲ မှုန်နေတာပဲ။ အရိပ်တောင် မမြင်ရတော့ဘူး။ မြန်သလားမမေးနဲ့။ နောက်ပြီးတော့ အိမ်သာထဲမှာ တော်တော်လေးကြာတယ်။

ကျွန်တော်က အခန်းအပြင်မှာ သူ့ကို စောင့်နေတုန်း ကြီးဒေါ်ရဲ့ယောက်ျား (ကျွန်တော့်ဘကြီး) ရောက်လာတယ်ဗျ။ ပြီးတော့ “ဟေ့ကောင် … မင်း ဘယ်ကဟာတွေ ဟိုတယ်ထဲ ခေါ်လာတာလဲ”ဆိုပြီး အကျယ်ကြီး အော်မေးရော။ အဟင့်။ ကိုယ့်တူတောင် ကိုယ်မသင်္ကာဘူး။ စဉ်းစားကြည့်ပါဗျာ။ ကျွန်တော်က ဟိုတယ်လာပြီး မဟုတ်ကဟုတ်က လုပ်မယ့်ရုပ်လားလို့ (ပြောပြီးပြီလေ။ လူမလစ်ရင် ဘယ်တော့မှ မလုပ်ဘူး။ ဟိ)။ အိမ်သာထဲက ကျွန်တော့် မဒီလေးသာ ကြားသွားလို့ကတော့ မိုးမီးလောင်မှာ သူငယ်ချင်းတို့ရေ။ ကျွန်တော့်ဘကြီးကလည်း စကားပြောရင် ရှေ့မကြည့်၊ နောက်မကြည့်။ တုတ်ထိုးအိုးပေါက် ပြောတတ်တာဗျ။ ကျွန်တော်လည်း ကျွန်တော့်ရည်းစား အရေးတကြီး အိမ်သာရှာနေတဲ့အကြောင်း သူ့ကို ထပ်ရှင်းပြရပြန်ရော။ ဒီတော့မှ “အေး အေး”ဆိုပြီး ပြန်ထွက်သွားတော့တယ်။

နောက်တော့ ကျွန်တော့် အသည်းလေးလည်း အိမ်သာထဲက ပြန်ထွက်လာတယ်။ သူ့မျက်နှာက စောစောကလို ခရမ်းရောင် မဟုတ်တော့ပါဘူး။ ပြုံးလို့၊ ရွှင်လို့ဗျား။ တိုက်ပွဲကြီးတစ်ပွဲကို အနိုင်တိုက်လာတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ ကျေနပ်မှုမျိုး သူ့မျက်နှာမှာ အထင်းသား ပေါ်နေတယ်။ ကျွန်တော့်ကိုမြင်တော့မှ စောစောက သူ့ပြဿနာကို ပြန်သတိရပြီး ရှက်သွားတယ်ထင်တယ်။ ပါးတွေရဲသွားရော။ ကျွန်တော်ကလည်း သူ့ကိုအားပေးပါတယ် “ရှက်မနေပါနဲ့ဟာ။ သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ်ပဲ။ နင်ရှူးပေါက်ချင်တာ ငါသဘောပေါက်ပါတယ်” လို့ အားပေးလိုက်ရတာပေါ့။ သူငယ်ချင်းတို့ရေ … ဒီတစ်ခါတော့ ကာကွယ်ချိန် မရလိုက်ဘူးဗျ။ သူက ပိုပြီးလက်မြန်သွားတယ်။ နားရွက်နှစ်ဘက်လုံး စပါယ်ရှယ် အီဆိမ့်သွားတာပဲ။ အဲဒီကတည်းက ကျွန်တော်လည်း သင်ခန်းစာတစ်ခု ရလိုက်ပါရဲ့။ ကဲ … ယောက်ျားလေးတွေ အသံထွက်ပြီး လိုက်ဆိုပါ။ “ကိုယ့်ရည်းစား ရှက်နေတာကို ကိုယ်သိနေတဲ့အကြောင်း ဘယ်တော့မှ ထုတ်မပြောရ” ဟုတ်ပြီနော်။ ကျွန်တော့်ကို နားရွက်ဆွဲလို့လည်း ၀ရော၊ ဒင်းကလေးလဲ စိတ်သစ်၊ လူသစ်၊ အားမာန်သစ် ခြေလှမ်းတွေနဲ့ ရင်ကော့ပြီး ခြေဆောင့်ထွက်သွားပါလေရောဗျာ။

ကျွန်တော်လည်း နောက်ကနေ အမောတကော ပြေးလိုက်သွားရတာပေါ့။ အောင်မာ … သူက Receptionအပြင်ဘက်မှာ ကျွန်တော့် ကြီးဒေါ်တို့နဲ့ အဖွဲ့ကျနေတာဗျို့။ ကျွန်တော့်အစ်မရဲ့သား (ကျွန်တော့်တူလေး)ကို သွားပြီးတောင် ကလူနေသေး။ သူက ကလေးတော့ အရမ်းချစ်တတ်တာ။ ဟို(၆)လသားလေးကလည်း တခြားလူဆိုရင်တော့ အကပ်မခံဘူး။ ခုမှစတွေ့ဖူးတဲ့ ကျွန်တော့်ရည်းစားလည်းမြင်ရော သူ့အဖွားချီထားရာကနေ လက်ကလေးတွေ ဆန့်ပြီး ကျွန်တော့်ကောင်မလေးဆီ သွားချင်လိုက်တာများ။ ယက်ကန်ယက်ကန်နဲ့။ တတ်လဲတတ်နိုင်တဲ့ ကောင်လေး။ ခုအရွယ်ကတည်းက “ဇ”လေးက ပြနေပြီ (ဦးလေးဘက် လိုက်တာဖြစ်မယ်နော်)။ ဒီတော့ ကျွန်တော်လည်း “ဟရောင် … ဒါ မင်းနဲ့မဆိုင်ဘူး။ ငါ့ ပစ္စည်းကွ” ဆိုပြီး ကလေးကို ၀င်ကောရတော့တာပေါ့။ သကောင့်သားလေးက နားလည်တဲ့အတိုင်းပဲ။ "၀ါး"ကနဲ အော်ငိုပါလေရော။ အဲဒီတော့မှ ကျွန်တော်လည်း ကောင်မလေးကို လက်ဆွဲပြီး ကုတ်ကုတ်လေး ပြန်လစ်ရတာပေါ့ဗျာ။ သူငယ်ချင်းတို့ရေ ကျွန်တော့်ရဲ့ ဟိုတယ်သွားတဲ့ ဇာတ်လမ်းက ဒါပါပဲဗျာ။ သြော် … နောက်နေ့တွေကျတော့ ကျွန်တော့်ကောင်မလေးက ကျွန်တော့်တောင် မခေါ်တော့ဘူး သိလား။ အဲဒီ ဟိုတယ်အိမ်သာကို သူ့အိမ်သူ့ရာလိုပဲ ၀င်ထွက်နေတော့တာပဲ။ ဒီသင်္ကြန်မှာ သူ့ရဲ့ အိမ်သာ အခက်အခဲအတွက် စိုးရိမ်စရာမရှိတော့ဘူးလေ။ ပိုင်တယ်နော်။ (သြော် … ပြောရဦးမယ်။ နောက်နေ့တွေလည်း ဟိုတယ်ရှေ့မှာ ကွမ်းယာသည် ကုလားလေးကို ပြန်တွေ့သေးတယ်ဗျ။ ဒီကောင်လေးက ဟော်တယ်ထဲ ၀င်သမျှ စုံတွဲတွေကို Aphaw လိုက်ရောင်းနေကြနဲ့ တူပါတယ်ဗျာ)

ဖတ်ရတာ မျက်စိညောင်းရောပေါ့။ ကျွန်တော်လည်း လက်တော်တော်ညောင်းနေပြီ။ ဒီPostလေးမှာ ကျွန်တော် အဓိက ပြောချင်တာက ကျွန်တော်တို့ ဟိုတယ်ရောက်သွားတဲ့ အကြောင်းကို မဟုတ်ပါဘူး။ အဲဒီလောက် ဗရုတ်သုက္ခနိုင်ပြီး အဆီအငေါ်မတည့်တဲ့ အဖြစ်အပျက်လေးကို ကျွန်တော့် ကောင်မလေးက အမှတ်ထင်ထင် ရှိနေတဲ့အကြောင်းကိုပါ။ သူငယ်ချင်းတို့ရေ … မင်းတို့တွေမှာလည်း ချစ်သူလေးတွေ၊ ရည်းစားလေးတွေ ကိုယ်စီရှိနေပါလိမ့်မယ်။ အဲ ပြီးတော့ … ကိုယ့်ချစ်သူနဲ့ ပတ်သတ်ပြီး ကြည်နူးစရာ၊ ဒေါသထွက်စရာ၊ စိတ်ညစ်စရာ၊ ရယ်စရာလေးတွေ ကြုံကောင်း ကြုံဖူးပါလိမ့်မယ်။ အဲဒီထဲက တခုခုကိုများ သူငယ်ချင်းတို့စိတ်မှာ အမှတ်တရ စွဲထင်နေဖူးပါသလား။ နောက်ပြီး သူငယ်ချင်းတို့ရဲ့ ချစ်သူတွေကရော ချစ်သူသက်တမ်းတလျှောက်မှာ ကြုံတွေ့ဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုခုကို အမှတ်ရနေတဲ့အကြောင်း သူငယ်ချင်းတို့ကို ပြောပြဖူးပါသလား။

ကျွန်တော့်ကောင်မလေးကတော့ ဘယ်လိုမှ အဆင်မပြေခဲ့တဲ့ ဟိုတယ်ကိစ္စကို အမှတ်တရ ရှိနေပါသတဲ့။ ဒါဟာ ဘ၀တစ်ခုလုံးနဲ့စာရင် ဘာမှမဟုတ်တဲ့ အသေးအမွှား ဖြစ်ရပ်လေးပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီလိုမျိုး eventလေးတစ်ခုကို သူကသတိရနေတယ်ဆိုတာ သိလိုက်ရတဲ့အချိန် ကျွန်တော့်ရင်ထဲမှာ ဖြစ်သွားတဲ့ ခံစားမှုဟာ ဘာနဲ့မှမတူအောင် နွေးထွေးချိုမြိန်လွန်းပါတယ်။ သီတင်းကျွတ် လပြည့်ညရဲ့ မီးရောင်စုံတွေကတောင် သူ့စကားလေးလောက် မလှပခဲ့ပါဘူး။ “ချစ်သူက ကိုယ်နဲ့ ပတ်သတ်ပြီး အကြောင်းအရာလေးတစ်ခုကို အလေးထားနေပါလား”ဆိုတဲ့ အသိဟာ ဘာနဲ့မှမတူအောင် ခမ်းနားလှပပါတယ်။ ကဲ … သူငယ်ချင်းတို့ ကိုယ်တိုင်ရော အဲဒီလိုမျိုး ခံစားမှုလေးတွေ ကြုံဖူးခဲ့ပါသလား။ လက်တွေ့မကြုံဖူးသေးရင်လည်း "ကိုယ့်ချစ်သူရဲ့ အမှတ်ထင်ထင်ရှိမှုကြောင့် နွေးထွေးကြည်နူးရတဲ့ ခံစားချက်မျိုးလေးမျိုး ဒီPostကို ဖတ်မိတဲ့သူအားလုံး ပိုင်ဆိုင်နိုင်ကြပါစေ"လို့ ကျွန်တော် လေးလေးနက်နက် ဆုမွန်ကောင်း တောင်းပေးချင်ပါတယ်ဗျာ။ (ဒါနဲ့ စကားမစပ် ရည်းစားနဲ့ ဟိုတယ်သွားဖူးကြပါသလား။ ကျွန်တော်ကတော့ တကယ်ကိုပဲ သွားခဲ့ဖူးပါတယ်ဗျာ)

P.S. mysuboo.comတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
Page: 1
Unknown
ဒီနှစ်ကောဘာအစီအစဉ်ရှိလဲ
ပြောပါအုန်း
commented by : ttsoe | posted date : 28/03/2009
အားပေးတယ်
တကယ်ရယ်ရပါတယ်...ကြည်နူးစရာလဲကောင်းပါတယ်..

နောက်ဆုံးပြောရရင်တော့

အရမ်းကောင်းပါတယ်.ရှင်
commented by : pansy | posted date : 26/03/2009
အမှတ်တမဲ့
အရမ်းကောင်းပါတယ်။
commented by : misshoney | posted date : 28/03/2009
အဲဒါတင်ပဲလား
အဖြစ်အပျက်က ကုန်ပြီလား
ရီရတယ်ကွ

ဒါပေမယ့် ......
ငါမထင်ပါဘူးကွာ

စတာနော် .....
commented by : Amazingscale | posted date : 26/03/2009
o News o Musicportal o Horoscopes o pCards o Profile o Models
o Aspiring Artists o Beauty & Fashion o Post N' Share o Mobile o Forums o Dictionary
o Book Corner o International Stars o Movie Review
o Suggestion o Contact o Advertising Info

Powered by Inforithm-Maze.
Planet Myanmar Network.
All rights reserved.